ကာမေသုကံ အဆုံးထိခံ
ဒေကာမေသုကံနန့် ပက်သက်ပနာ ပြောရဖို့ဆိုကေမြတ်စွာဘုရားရှင်လက်ထက်က ထင်ရှားရေ ထေရီမကြီးတစ်ပါးဧ့ ရာဇ၀င်ကို ပြကက်ရပါဖို။ ယင်းထေရီမကြီးနာမည်က ဗုဒ္ဓဘာသာ၀င်တိုင်း သိနီပြီးဖြစ်တေ ဣသိဒါသီထရီမကြီးပါ။ ဣသိဒါသီထေရီမလောင်းလျာစွာ ဘ၀တစ်ခုမှာရွှီပန်းထိန်ယောင်္ကျား ဖြစ်ခဖူးပါရေ။ ယင်းဘ၀မှာ ကိုယ်စိတ်နှလုံးကိုမစောင့်ထိမ်းပဲ သူတပါးသားမယားကို ဖျားယောင်းပြီးကေ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်မိခလို့ ယင်းဘ၀ကနီ သီရေအခါ ယင်းကာမေသုကံကြောင့် ငရဲမှာ နှစ်ပေါင်းပရိစ္ဆေဒ ခံစားရပြီးကေ ငရဲကလွတ်လာကေလေ့ တိရိစ္ဆာန် ဆိတ်ဘ၀မှာလာဖြစ်ပါရေ။ ဆိတ်ဘ၀မှာလာ သင်းထုခံရတယ်။ ယင်းဘ၀က သီပြီးကေတခါ နွားဘ၀မှာလာဖြစ်ပါရေ။ ယင်းဘ၀မှာလေ့ သင်းထုခံရပါရေ။ ယင်းဘ၀ကနီ တစ်ခါသီလို့ လူ့ဘ၀ကျွန်မျိုးရိုးမှာ မွီးဖွားလာရေအခါ ယောင်္ကျားမဟုတ် မမ မဟုတ် နပုံပဏ္ဍုတ်ဖြစ်ရပြန်ပါရေ။ ယင်းဘ၀ကနီတခါ နောက်ဆုံးဘ၀ ဂေါတမမြတ်စွာဘုရားရှင်လက်ထက် ဥဇ္ဇနီပြီ သဌေးသမီးဘ၀မှာ လူလာဖြစ်ပါရေ။ အရွယ်ရောက်လာရေအခါ ဖခင်သဌေးကြီးက ကိုယ့်ထက်အဆင်တန်းမြင့်ရေလူနန့် လက်ထက်သမက်တတ်ပီးပါရေ။ သမက်တတ်ပြီးလို့မကြာပါ လင်ယောင်္ကျားအပေါ်မှာ မယား၀တ္တရားကို ပဇောင်ပိုင်ကျေပွန်စွာထမ်းဆောင်နီကေလေ့ စိတ်ကျီနပ်မှုတိကိုမရ ရိုက်နှက်ထောင်းထုခံပနာ အိမ်ကမောင်းချခံရရေ။ တခါ ဖခင်သဌေးကြီးက ကိုယ်နန့်အဆင်တန်းတူရေလူနန့် သမက်တတ်လက်ထပ်ပြန်ပါရေ။ ယပိုင်ယာ သမက်တတ်ပြီးလို့မကြာပါ ယင်းနည်းအတိုင်း အိမ်ကမောင်းချခံရပြန်ပါရေ။ ယင်းပိုင်နန့် ဖခင်ဖြစ်သူသဌေးကြီးက အဆင့်တန်းမြင့်လူ တူရေလူသူဌေးသားတိနန့် ပီးစပ်လို့ အဆင်မပြေဖြစ်စော်ထင်ပနာ ကိုယ့်ထက်အဆင့်တန်း လုံး၀နိမ့်ရေလူ လမ်းဘေးက ဥပဓိရုပ်စိကေကောင်းရေ သတောင်းစားတစ်ယောက်နန့် ပီးစားပြန်ပါရေ။ သတောင်းစားကို အိမ်ထက်တင်ထားပနာ တခုလေ့လုပ်စရာမလို လိုလေသေးမဟိထားပီးနီကေလေ့ မကြာပါ သတောင်းစားကလေ့ တောင်းစားနီရရေဘ၀လောက်မပျော်ဆိုပနာ ကိုယ့်ခွပ်ချေကိုကိုင်ပြီး အိမ်ထက်ကဆင်လားပြန်ပါရေ။ ယင်းအခါမှ ဣသိဒါသီသဌေးသမီးက ငါစွာရှိကလုပ်ခရေ အမှားကံတိကြောင့် အဂုပိုင်အဖြစ်မျိုးတိနန့်ကြုံတွိနီရစွာဖြစ်ဖို့လို့ သံဝေဂတရားရပြီးကေ လူ့ဘောင်ကိုစွန့်ခွါပြီး ရဟန်းမ၀တ် တရားအားထုတ် ရဟန္တာထေရီမကြီးအဖြစ်နန့် ဘ၀နိဂုံးအဆုံးသက်လခပါရေ။
ပြန်ပြောရဖို့ဆိုကေ ကာမေသုမိစ္ဆာစာရကံက ကကောင်းကြောက်ဖို့ကောင်းကြောင်းကို ဣသိဒါသိထေရီမကြီးဧ့ ဖြစ်စဉ်ဘ၀တိကို ပြန်ကြေ့ကေ သိနိုင်ပါဖို့ထင်ပါရေ။ ပထမ ငရဲဘုံမှာ နှစ်ပေါင်းပရိစ္ဆေဒခံစားရ ငရဲကလွတ်လာပြန်ကေလေ့ တိရိစ္ဆာန်တိဖြစ်ရ။ တိရိစ္ဆာန်ဖြစ်ရုံတင်လားဆိုကေ မဟုတ်ပါ သင်းထုစော်ကိုပါ ခံရပါသိမ့်ရေ ။ ယပြီးကေ လူဘ၀ရလာပြန်ကေလေ့ ကျွန်သူဆင်းရဲဘ၀မှာ ယောင်္ကျားမဟုတ် မမ မဟုတ် နှစ်ပိုင်းတစ်ပိုင်းနန့်ဖြစ်ရ။ နောက်ဆုံးဘ၀ သဌေးသမီးဘ၀ရောက်နီကေတောင် လင်တိပါးမှာ စွန့်ပစ်ခြင်းတိကို အကြိမ်ကြိမ်ခံရပြန်ပါရေ။ ဇာလောက်ထိကြောက်စရာကောင်းရေလဲဆိုစော် တွီးကြေ့ကက်ပါဖိ။ စိတ်အလိုကိုလိုက်ပနား ကာမေသုကံကိုလွန်မိခလို့ ဘ၀အဆုံးထိ ဘ၀ပေါင်းများစွာခံပနာ ပီးဆပ်လခရပါရေ။