Jump to content

နွယ် (စစ်တွေ)

ဝီကီးပီးဒီးယား က

ကဗျာဆရာမ နွယ် (စစ်တွေ) ၏ ကဗျာတိကို မြန်မာစာပေ ချစ်မြတ်နိုးသူတိုင်း နှစ်သက် မြတ်နိုးကတ်ရေ။ နွယ် (စစ်တွေ)ကား အမိမြီကို ချစ်မြတ်နိုးသူ၊ ကလောင်လက်နက်စွဲကိုင်လျက် စစ်ထွက်ခသူ ကဗျာ ဆရာမတစ်ဦးပင် ဖြစ်ပါရေ။

နွယ်(စစ်တွေ)ကို (၂၄)ရက်နိ၊ မေလ၊ (၁၉၃၂)ခုနှစ်တွင် စစ်တွေမြို့မာ ဦးအောင်ထွန်းဦး၊ ဒေါ်စိန်ပုရို့က ဖွားမြင်ခရေ။ အမည်ရင်းက မအုန်းခင် ဖြစ်ရေ။ မအုန်းရေ အသက် (၄)နှစ်အရွယ်ကပင် အစိုးရ ဝန်ထမ်း မိဘတိပြောင်းရွိရာ မြို့ကြီးတိသို့ ပြောင်းရွိလိုက်ပါ နီထိုင်ခရရေ။ ပုသိမ်၊ မော် လမြိုင်၊ ပဲခူးမြို့ကြီးတိမာ ပညာဆည်းပူးခရရေ။

မအုန်းခင်ရေ ပဲခူးမှ အင်းစိန်မြို့သို့ မိဘတိနန့်အတူ ပြောင်းရွိနီထိုင်စဉ်အတွင်း ဒုတိယကမ္ဘာ စစ်ကြီးနန့် ကြုံတွိခရရေ။ ထိုစဉ် မအုန်းခင်ရို့မိသားစု မိတ္ထိလာမြို့အနီး နတ်ကြီးကုန်းကျေးရွာ သို့ ပြောင်းရွိကာ စစ်ဖီး စစ်ဒဏ်မှ ရှောင်တိမ်းခရရေ။ စစ်ကြီးပြီးဆုံးရေအခါမှ ရန်ကုန်မြို့က တစ်ဆင့် စစ်တွေမြို့သို့ ပြန်လည်ပြောင်းရွိလာဖြစ်ခကတ်တေ။

မအုန်းခင်ရေ (၁၉၄၈-၅၀)ခုနှစ်တိအတွင်း (၈)တန်း၊ (၉)တန်း၊ (၁၀)တန်းရို့ကို စစ်တွေမြို့မာ တက်ရောက်ခရေ။ (၁၉၅၀)ပြည့်နှစ်တွင် ဖခင်ကွယ်လွန်လားပြီးနောက် ရန်ကုန်သို့ ပြောင်းရွိနီထိုင် အခြီချခရေ။ (၁၉၅၅)ခုနှစ်မာ ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရဟိခပြီးနောက် (၁၉၆၃)ခုနှစ်မာ ဘီအီးဒီဘွဲ့ကို ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ခရေ။ ယင်းပြင် ပညာရေးဒီပလိုမာဘွဲ့ကိုလေ့ အင်္ဂလန်နိုင်ငံ ဘာမင်တန်တက္ကသိုလ်မှ ရယူခပါရေ။

(၁၉၅၆)ခုနှစ်တွင် ဦးရွှေဇံအောင်နန့် လက်ဆက်ခရေ။ ဒေါ်အုန်းခင်ရေ ပညာရေးဌာနတွင် ကျောင်းဆရာမ၊ ကျောင်းအုပ်၊ ကျောင်းသင်ခန်းစာ အသံလွှင့်အစီအစဉ်မှူး၊ အခြေခံပညာဦးစီးဌာန မြန်မာစာအဖွဲ့ ကျောင်းသုံးစာအုပ်ကော်မတီ အတွင်းရေးမှူး စရေတာဝန်တိ ထမ်းဆောင်ခပြီး (၁၉၇၉)ခုနှစ်မာ ဆီးပင်စင်ဖြင့် အငြိမ်းစားယူခရေ။

မအုန်းခင်က အသက် (၁၆)နှစ်အရွယ် (၁၉၄၈)ခုနှစ်ကပင် ကဗျာတိ ရီးဖွဲ့ခရေ။ တိုင်းရင်းမေ မဂ္ဂဇင်း တွင် လစဉ်ပုံမှန် စာရီးခပြီး 'မာလောနွယ်'ကလောင် အမည်နန့် ကဗျာတိ ရီးသားခရေ။ ရန်ကုန်တက္ကသိုလ် ရောက်ဟိချိန်တွင်မူ နွယ်(စစ်တွေ) ကလောင်အမည်ဖြင့် ကဗျာတိ ဆက်လက်ရီးဖွဲ့ခရေ။

စစ်၏ အနိဌာရုံတိကို ကိုယ်တိုင်ကြုံတွိခံစားခရသူ နွယ်(စစ်တွေ)ရေ တက္ကသိုလ်ကျောင်းသူဘဝတွင် ကြုံတွိခရရေ ကူမင်တန် ကျူးကျော်စစ်အကြောင်းကို အိုးဝေမဂ္ဂဇင်း၌ 'ချစ်မြေလွှာ' ဂေါင်းစဉ်ဖြင့် ကဗျာ တစ်ပုဒ် ရီးဖွဲ့ခရေ။ ယင်းကဗျာကိုပင် (၁၉၅၃)ခုနှစ်၌ ရှုမဝမဂ္ဂဇင်းတွင် ထပ်မံထည့်သွင်း ဖော်ပြခပါရေ။

(၁၉၅၃)ခုနှစ်မာ 'စစ်မဲ့ကမ္ဘာ' ကဗျာဖြင့် သခင်ကိုယ်တော်မှိုင်းဆု (ဒုတိယဆု)ကို ရဟိခရေ။ ယင်းကဗျာ မှာ နွယ်(စစ်တွေ)ပြိုင်ပွဲဝင်ခရေ ကဗျာတစ်ပုဒ် မဟုတ်ကေလေ့ (၁၉၅၃)ခုနှစ် ငြိမ်းချမ်းရေးပြပွဲ ပြိုင်ပွဲမာ ဆရာဒေါင်းနွယ်ဆွေက ကြိုက်အားကြီးလို့ နွယ်(စစ်တွေ)အား အသိမပီးဘဲ ပြိုင်ပွဲဝင်ခရေ ကဗျာဖြစ်ပါရေ။ မူရင်းကဗျာမှာ ဂန္ထဝင်ဂျာနယ်တွင် ဖော်ပြပါဟိခရေ။

"လူ့သမိုင်းမှုန်မှိုင်းအတိတ်၊ နှောင်းအရိပ်တွင်၊ မျိုးစိတ်ထန်လျက်၊ စစ်မြေထွက်၍၊ လက်နစုံခ၊ တဒင်္ဂဝယ်၊ အားရခုတ်ပစ်၊ ဓါးချင်းထစ်သံ၊ အော်ဟစ်တည်ကြွေး၊ မြင်းခွာပြေးသံ၊ လေးဆေးမြည်လျက်၊ စစ်စည်နှက်သံ၊ လျှပ်လက်ရေ့လား၊ လံှစွပ်ဖျားလည်း၊ အသွားချင်းခ၊ တွေ့ဆုံကတ်သံ၊ သောသောညံ၍၊ ပြင်းထန်ကြောက် မက်၊ စစ်သူခက်ဧ့၊ မက်မောခဲ့ရစ်၊ လူ့သွေးစစ်ကို၊ သောက်ပစ်လိုဟန်၊ ဆန္ဒသန်တည့်" စရေဖြင့် 'စစ်မဲ့ကမ္ဘာ" ကဗျာကို အစပြုထားပါရေ။

ယင်းနောက်ပိုင်းတွင်လည်း နွယ်(စစ်တွေ)ရေ ကဗျာအများအပြားကို ရီးဖွဲ့သီကုံးခပါရေ။ ယင်းနောက် အသက်(၈၀)နှစ်အရွယ် (၆)ရက်၊ မေလ၊ (၂၀၁၁)ခုနှစ်တွင် ကွယ်လွန်ခပါရေ။ နွယ်(စစ်တွေ)၏ နာရေးကြော်ငြာကို (၇-၅-၂၀၁၁)ရက်စွဲပါ ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း တွိဟိရပါရေ။

ဒေါ်အုံးခင် [ နွယ် - စစ်တွေ ]

B.A Bed. Ed

Ed. Dip in (U.K)

အသက် (၈၀)

(ဦးအောင်ထွန်းဦး-ဒေါ်စိန်ပု)ရို့၏ သမီး၊ [ ဦးရွှေဇံအောင် (ညွှန်ကြားရေးမှူး - ငြိမ်း)၊ မြန်မာ့ ဂုန်လျှော်လုပ်ငန်းဌာန ] ၏ ဇနီး၊ (ဒေါ်စောမြ-ဦးကျော်ဇံ)၊ (ဦးမောင်မောင်ကြီး)-ဒေါ်မြသွင်၊ (ဒေါ်ခိုင်ခိုင်-ဦးသာထွန်းအေး)ရို့၏ ညီမ၊ ဦးကျော်ကျော်-ဒေါ်သာနှင်းအေး၊ (ဒေါ်မြင့်မြင့်)-ဦးမောင်မောင်တို့၏ အစ်မ၊ ဦးထွန်းထွန်း၏ မိခင်၊ အမှတ်(၄၂)-စီ(၂)၊ ဗဟိုလမ်း၊ စစ်ချောင်းမြို့နယ်၊ ရန်ကုန်မြို့နီ ဒေါ်အုန်းခင်ရေ ၆-၅-၂၀၁၁ (သောကြာနိ့) နံနက် ၁၀း၃၀ နာရီတွင် SAKURA အထူးကုဆေးရုံ၌ ကွယ်လွန်လားရေအတွက် ကွယ်လွန်သူ၏ ဆန္ဒအရ ဂနိ ညဇာ (၄)နာရီတွင် ထိန်ပင်သုဿန်၌ သင်္ဂြိုဟ်ပြီးစီးပါကြောင်း။ [ ကွယ်လွန်သူအား ရည်စူး၍ ၁၂-၅-၂၀၁၁ (ကြသပတေးနိ) နံနက်(၉)နာရီမှ (၁၂)နာရီအထိ အောင်ပန်းကျောင်းတိုက်၊ ဗဟန်း(၃)လမ်း၊ အနောက်ဘက်ထိပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ရက်လည်ဆွမ်းကျွေး တရားတော်နာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါရေ။ ] ကျန်ရစ်သူမိသားစု

ဟူ၍ဖြစ်ပါရေ။

တင်နိုင်တိုးရေးသားရေ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ စာအုပ်မှ -