ပန်းတဉ်း

ပန်းတဉ်းစွာ ကြီးထည် ပုံစံအမျိုးမျိုး သွန်းလုပ်ရေ ပညာဖြစ်တေ။ ဗဒင်းဟု ဆိုကတ်ကေလေ့ ရီးရာမာ ပန်းတဉ်းဆိုပနာ ပန်းထည့်ပြီး တလေးတစား ခေါ်ဝေါ်သုံးစွဲကတ်ရေ ရှေးမြန်မာ လက်မှုပညာတရပ်ဖြစ်တေ။ လူရို့စွာ အစဦးမာ ကျောက်လက်နက် ကိရိယာတိကို ကိုယ်တိုင်ပြုလုပ်ခကတ်ဟန် ဟိရေ။ ထိုခေတ်ကို ကျောက်ခေတ်ဟု သတ်မှတ်ကတ်ရေ။ ကြီးခေတ်၊ သံခေတ်ရောက်မှ ပန်းတဉ်းနန့် ပန်းဖဲပညာသျှင် လူတန်းစားတရပ် ပေါ်ခလီဖို့လို့ ယူဆရရေ။
အနောက်နိုင်ငံများမာ ကြီး၊ သံ အစဟိရေ သတ္တုပစ္စည်းတိကို တိုက်စစ်၊ ခံစစ်သုံး လက်နက်တိအဖြစ် ထုတ်လုပ်ခကတ်ကေလေ့ မြန်မာအပါအဝင် အရှိတိုင်းနိုင်ငံများမာ ဘာသာရီးနန့် သာသနိက ပစ္စည်းတိကို ပိုပြီးကေထုတ်လုပ်ခကတ်ဟန် ဟိရေဟု သုတေသီရို့က ဆိုကတ်ရေ။
ရှီးဟောင်း သုတေသနဌာနမှ တူးဖော်ရဟိရေ ပစ္စည်းတိမာ လက်ဝတ်ရတနာ၊ ဘာသာ သာသနာနန့် ဆိုင်ရေ ပစ္စည်း၊ အိုးခွက်၊ ငွီကြေး၊ ခေါင်းလောင်း၊ ဆည်းလည်း (ဆွဲလဲ)၊ နတ်ရုပ်အစဟိစွာရို့ သမိုင်းတလျှောက် ပုဂံခေတ်အထိ တွိရရေဟုဆိုရေ။ ပြည့်ရှင်မင်းရို့က ပန်းတဉ်းပညာသျှင်ရို့ကို သူကောင်းပြုရေ အထောက်အထားများ ပုဂံကျောက်စာတိမာ တွိရရေ။
အိန်းဂလိချ် အုပ်ချုပ်ရီးအရာဟိရို့၏ အဆိုအရ မင်းကွန်းခေါင်းလောင်းတော်ကြီးစွာ ၈၇ တန်လီးပနာ ခေါင်းလောင်းနားအချင်းမာ ၁၆ ပေ ၃ လက်မဟိပြီး အမြင့်မာ ၁၂ ပေ ၆ လက်မဟိရေ။ ၁၈၃၉ ခုနှစ် ငလျင်ဒဏ်ကြောင့် အောက်ကိုပြုတ်ကျခရာ ၁၈၉၆ ခုနှစ်မာ သံတိုင်သံပေါင်တိနန့် ပြန်တင်ခရကြောင်း သိရရေ။ မင်းကွန်းခေါင်းလောင်းထက်ကြီးရေ ခေါင်းလောင်းဟိကေလေ့ အုတ်ခုံထက်မာ တည်ထားစွာဖြစ်ပြီးကေ အသံမြည်အောင်တီးခတ်လို့ မရပါ၊၊
ရခိုင်ရို့အတွက် ခေါင်းလောင်းကြီးငယ် သံစည်သံရို့မာ ကြည်နူးစရာဖြစ်တေ။ ကျေးရွာတိမာ မိုးထဖက် သံစည်သံကြားကေ ရွာဦးကျောင်းမှ မောင်သျှင်တိနန့် ကျောင်းသားများဆွမ်းခံထွက်လှာကတ်စွာကိုသိပနာ အိမ်ရှင်မရို့ ကြည်နူးဝမ်းသာခြင်း ဖြစ်ရရေ။ မွန်းတည့်သံစည်သံ ကြားရရေအခါ ကိုယ်ရို့လှုလိုက်ရေ ခဲဖွယ်ဘောဇဉ်ရို့ကို ရဟန်းမြတ်ရို့ သုံးဆောင်ပြီးကြောင်းသိရလို့ ဝမ်းသာပီတိဖြစ်ကတ်ရရေ။ ညည့်ဦးယံ သံစည်သံကြားရသူတိုင်း ဘုရားဝတ်ပြုပြီးကြောင်း သိကတ်ပြီး သာဓုသုံးကြိမ် ခေါ်ပြီးကေ အမျှဝီကတ်တေ။
လီညှင်းချေတိုက်ခတ်လို့ ရွာဦးဇာတီတော်မှ ဆည်းလည်းများ တချွင်ချွင်မြည်သံကို ကြားလိုက်ရသူတိုင်း ကိုယ့်မျက်မှောက်ဘဝမာ ဇာလောက်ပင် ပူလောင်မှု ဖြစ်နိန်ပတ်စီ ဘုရားသို့ အာရုံရောက်ပြီး တချက်ချေတာ ငြိမ်းချမ်းလားကတ်စွာရာ ဖြစ်တေ။ သံစည်၊ ခေါင်းလောင်း၊ ဆည်းလည်းသံရို့စွာ ဗုဒ္ဓဘာသာဝင်ရို့အတွက် အလွန်မှရာယာလှပါရေ။ ယင်းတွက်တာနန့် ပန်းတဉ်းပညာသျှင်တိကို ပန်းနန့် တင်စားခြင်းကာ အံ့ဩဖွယ်ရာမဟုတ်တော့ပါ။
ပန်းတဉ်းလုပ်ငန်းမာ ၂ ပိုင်းဟိရေ။ ပထမတမျိုးမာ ကြီးသွန်းလုပ်ငန်းဖြစ်တေ။ ကြီးနီ၊ သံအစဟိရေ သတ္တုတိနန့် ရောကြိုပြီး ပုံသွန်းခြင်းနန့် ခေါင်းလောင်း၊ ဘုရားသျှင် ရုပ်တုစသည်ရို့ကို သွန်းလုပ်ကတ်ရရေ။ ယင်းပိုင် သွန်းလုပ်ရာမှ ရလာရေ အကြမ်းထည်ကို အချောသတ်လုပ်ကိုင်ကတ်ရရေ။ ဒုတိယတမျိုးမာ ကြီးခတ်ခြင်းဖြစ်တေ။ ဒေနည်းမာ ကြီးနီကို အခတ်ခံနှိုင်ရေ အဆင့်ရောက်ယောင် သံ၊ အိမ်မိုးသွပ်ပြားအစဟိရေ အရာသတ္တုရို့နန့် ရောစပ်ရရေ။ ယင်းပိုင် ရောစပ်ရဟိရေ ကြီးကို အပူပီးလို့ လိုရေပိုင် ပုံစံရယောင် အခေါက်ခေါက် ထုကတ်ရရေ။ ယင်းပိုင်ထုစွာကို ခတ်ရေလို့ ခေါ်ရေ။ သံစည်၊ ဇွန်း၊ မောင်း၊ လင်းခွက်၊ အိုး၊ ခွက် စသည်ရို့ကို ခတ်ယူမှရာ ရရေ။ မြန်မာတီးဝိုင်းမှ ကြီးဝိုင်းဟိ ကြီးနောင်များ၊ ကိုးလုံးမောင်းမှ မောင်းတိကို ဒေ နည်းနန့် ခတ်ရင်း ခတ်ရင်းဖြင့် အသံညှိယူရရေ။ [၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ဦးသန်းဖေ(ဧည့်လမ်းညွှန်)