Jump to content

ဗောဇ္ဈင်္ဂသုတ်

ဝီကီးပီးဒီးယား က

ဗောဇ္ဈင်္ဂသုတ်စွာ သံယုတ်ပါဠိတော်မာပါဟိရေ သုတ္တံတစ်ခုဖြစ်ပြီးကေ မြတ်ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူခရေ။ ပရိတ်ကြီး (၁၁)သုတ်လို့ လူသိများသော ပရိတ်ကြီးပါဠိတော်မှာ ဒေသုတ္တံကို အခြီခံပြီးကေ ဂါထာတိနန့် သစ္စာပြုပုံကိုရာ ရီးဖွဲ့ထားခြင်းဖြစ်ရေ။ ပရိတ်ကြီးလာ ဗောဇ္ဈင်္ဂသုတ်စွာ မူရင်းမဟုတ်ဘဲ နိစိုင်ရွတ်ဖတ်ပူဇော်ရေအခါ အဆင်ပြေစီရန် စီရင်ရီးသားထားရေ သုတ်ဖြစ်ရေ။

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာ ပမဒ္ဒနေ။

၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားစွာ သံသရာမာ ကျင်လည်နီကတ်ရရေ သူရို့ဧ့ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစီနိုင်ဧ့။ ထကြွ သောင်းကျန်းလာရေ ကိလေသာတိကိုလည်း နှိပ်ကွပ်ဆုံးမနိုင်ဧ့။ အရဟတ္တမဂ်ဧ့ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်လီဧ့။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကု တ္တမာ။ အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၂။ သတ္တဝါရို့စွာ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကတ်ပါကေ ဘဝသုံးပါးမှ ကျွတ်လွတ်ကက်ကုန်ဧ့။ မြတ်ရာသို့လည်း ရောက်ကုန်ဧ့။ ပဋိသန္ဓေနိန်ရရေဘေး၊ အိုရရေဘေး၊ နာရရေဘေး၊ သီရရေဘေးရို့ကင်းရေ နိဗ္ဗာန်သို့လည်း ရောက်ကက်ရကုန်ဧ့။

၃။ဧဝ မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ သြသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

၃။ ဆိုခပြီးရေ ဂုဏ်ကျေးဇူးရို့နန့်တင်မက အခြားသော ဂုဏ်ကျေးဇူးရို့နန့် ပြည့်စုံရေအပြင် ဆီးလည်းဖြစ် မန္တရားလည်းဖြစ်တေ ဒေဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်ရို့ စုပေါင်း ရွတ်ဆိုကတ်ပါမေ။

၄။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။ ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ’ ပရေ။

၅။ သမာ’ဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ’တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

၄-၅။ ဗောဓိဉာဏ်ဧ့ အင်္ဂါအစိတ်အပိုင်း ဖြိုက်ကက်တေ သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဒေတရားခုနှစ်ဖြာရို့ကို ဗောဇ္ဈင်တရားများ ဖြိုက်ကက်ရေဆိုပနာ တရားအားနူံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားပေဧ့၊ ထိုဗောဇ္ဈင်ခုနစ်ပါးတိကို ပွားများအပ်ကုန်ဧ့၊ ထပ်ပြီးကေထပ်ပြီးကေ ပွားများအပ်ကုန်ဧ့။

၆။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၆။ ဒေဗောဇ္ဈင်ခုနှစ်ပါး တရားမြတ်စွာကို ပွားများစွာဟိကေ တရားထူး တရားမြတ်တိကိုလည်း တိုးတက်သိစီနိုင်ရေ အကျိုးဟိဧ့၊ ကိလေသာ ငြိမ်းအီးခြင်း အကျိုးလည်း ဟိဧ့၊ အရဟတ္တမဂ်ကို ရဟိခြင်းအကျိုးလည်း ဟိဧ့။ အေပိုင်မှန်သောစကားကို ဆိုရအနိန်နန့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစီသတဲး။

၇။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၇။ အခါတပါးမာ မြတ်စွာဘုရားစွာ မကျန်းမာအနိန်နန့် ဆင်းရဲဒုက္ခရောက်ရရေ သျှင်မောဂ္ဂလာန်နန့် သျှင်မဟာကဿပမထေရ် နှစ်ပါးအား ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဧ့။

၈။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံ သု တင်္ခဏေ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၈။ ထိုမထေရ် နှစ်ပါးစွာ ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကက်ရေအတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခရလီရေ။ အေပိုင် မှန်ရေ စကားကို ဆိုရနိန်နန့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစီသတဲး။

၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘိ ပီဠိတော။ စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။

၉။ အခါတပါးမာ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရဧ့၊ ယင်းခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစီပြီးကေ မြတ်စွာဘုရား နာကြားတော်မူရေ။

၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၀။ ဗောဇ္ဈင်တရားကို နှစ်လိုတော်မူပြီးကေ ဟောရေခဏမှာပင် အနာပျောက်ကင်းလီရေ။ အေပိုင်မှန်သော စကားကို ဆိုရအနိန်နန့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစီသတဲး။

၁၁။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ နုပ္ပတ္တိဓမ္မတံ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၁။ မဟာကဿပထေရ်၊ မဟာမောဂ္ဂလာန်ထေရ်နန့် ဘုရားသျှင်ရို့အား အနာရောဂါရို့ ကင်းပျောက်ကက်ကုန်ဧ့။ မဂ်နန့် ပယ်အပ်သော ကိလေသာရို့ပိုင် အနာရောဂါရို့စွာ နောက်ထပ်မဖြစ်နိုင်ကက်တော့ပေ။ အေပိုင်မှန်သော စကားကို ဆိုရအနိန်နန့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစီသတဲး။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ

ဗောဇ္ဈင်္ဂသုတ် ပြီးပါဗျာလ်


ဒေဗောဇ္ဈင်္ဂသုတ်မှာ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားဧ့ အကျိုးကျေးဇူးတိကို ဟောပြထားရေ "သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဒေတရားခုနှစ်ဖြာတိကို ဗောဇ္ဈင်တရားများ ဖြိုက်ကေတ်ရေ"ဆိုပနာ မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားလီဧ့။ "ဗောဇ္ဈင်ခုနစ်ပါးစွာ ကျင့်သုံး၊ ပွားများရမည့်တရားဖြစ်ပြီးကေ သံသရာမာ ကျင်လည်နီကတ်ရရေ သူရို့ဧ့ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစီနိုင်ဧ့။ ထကြွ သောင်းကျန်းလာရေ ကိလေသာတိကိုလည်း နှိပ်ကွပ်ဆုံးမနိုင်ဧ့။ အရဟတ္တမဂ်ဧ့ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်လီဧ့။"ဟု ဒေသုတ်မှာ ပြဆိုထားရေ။

ဝေါဟာရ အနက်အဓိပ္ပာယ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

‪ဗောဇ္ဈင်္ဂစွာ ဗောဓိ နန့် အင်္ဂ ကိုတွဲစပ်ရီးသားထားရေ ပုံစံဖြစ်ပြီးကေ ဗောဓိစွာ အသိဉာဏ် (သို့) အသိဉာဏ်ဟိသူ ဖြိုက်ပနာ အင်္ဂ စွာ အကြောင်းတရားဟုအနက်ရဟိရေ။ ထို ​ဗောဓိအင်္ဂမှ ဗောဇ္ဈင်္ဂ ဆိုပနာ ပြောင်းလဲရေသဘောဖြစ်ရေ။ ယင်းချင့်ကြောင့် အသိဉာဏ်ရခြင်းဧ့ အကြောင်းဟု အနက်ရရေ။

ဗောဇ္ဈင်္ဂ (အိန်းဂလိချ်-ပါဠိ : Bojjhanga) ဆိုရေစကားလုံးကို တိပိဋက ပါဠိ-အဘိဓာန်မာ အေပိုင်ဖွင့်ဆိုရေ “ဗောဓိ+အင်္ဂ။ သတိ၊ ပညာ စရေ ၇ ပါး အပေါင်းအစုစွာ သစ္စာ ၄-ပါး သိရာမာလည်းကောင်း၊ ကိလေသာအစိုင်ဆိုရေ အိပ်ပျော်ခြင်းမှ နိုးရာမာလည်းကောင်း၊ နိဗ္ဗာန်ကို မျက် မှောက်ပြုရာမာလည်းကောင်း အကြောင်းတရားတိဖြစ်စွာ၊ ထိုကြောင့် ဗောဓိ မည်ဧ့၊ ထို အပေါင်းအစုဖြစ်သော ဗောဓိဧ့အစိတ်အပိုင်း (အင်္ဂ)စွာ ဗောဇ္ဈင်္ဂမည်ဧ့။ တနည်းအနီနန့် သစ္စာ ၄-ပါး သိတတ်ရေ၊ ကိလေသာအစိုင်ဆိုရေ အိပ်ပျော်ရာမှ နိုးတတ်ရေ၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုတတ်ရေ အရိယာသာဝကစွာ ဆိုအပ်ပြီးရေ ဂုဏ်သတ္တိကြောင့် ဗောဓိမည်ဧ့၊ ထိုအရိယာသာဝကဆိုရေ ဗောဓိဧ့ဖြိုက်ကြောင်း တရားရို့ စွာ (ဒေအရာမာ အင်္ဂသဒ္ဒါအကြောင်းဟော ဖြစ်ဧ့) ဗောဇ္ဈင်္ဂမည်ဧ့။”

အခါတစ်ပါးတွင် မြတ်စွာဘုရားစွာ ဝေဠုဝန်ကျောင်းမာ သတင်းသုံးတော်မူစိုင် အသျှင်မဟာကဿပမထေရ်စွာ ပိပ္ပလလှိုဏ်ဂူမာ နီထိုင်မကောင်းဖြစ်ရေ။ ယင်းခါ မြတ်စွာဘုရားသိတော်မူပြီးကေ ‪ဗောဇ္ဈင်တရား (၇)ပါးကို ဟောတော်မူရေ။ ‬

"သတ္တိမေ ကဿပ ဗောဇ္ဈင်္ဂါ‬ ‪မယာ သမ္မဒက္ခာတာ ဘာဝိတာ‬ ‪ဗဟုလီကတာ ‬ ‪အဘိညာယ သံမ္ဗောဓာယ‬ ‪နိဗ္ဗာနာယ သံဝတ္တန္တိ" အဓိပ္ပာယ်မှာ မြတ်စွာဘုရားဟောကြားရေ ဒေတရားခုနှစ်ပါးကို ပွားတိအားထုတ်ကေ အသိဉာဏ်ပညာဟိပြီးကေ သစ္စာလေးပါးကို သိခြင်း၊ နိဗ္ဗာန်ချမ်းသာရခြင်းရို့ဖြိုက်စီဖို့ဆိုပနာ ဖြစ်ရေ။ ထိုတရားတိကို မိမိသန္တာန်မှာ အရာထခါ လိုက်နာကျင့်ကြံ ပွားများအောင်ပြုလုပ်ဖို့ဖြစ်ရေ။‬ ‪သျှင်မဟာမောဂ္ဂလန် နီထိုင်မကောင်းရေအခါတွင်လည်း ကျင့်ကြံ နှလုံးသွင်း အားထုတ်ရဖို့ ဒေတရားကိုရာ ဟောခရေ။ မြတ်ဗုဒ္ဓ နီထိုင်မကောင်းဖြစ်တော်မူရေအခါ အပါးတော်အလုပ်ကျွေးဖြစ်တေ စုန္ဒမထေရ်ကို မြတ်စွာဘုရားက ဟောခိုင်းပနာ ကိုယ်တော်တိုင် နှလုံးသွင်းဆင်ခြင်ရေ။

‪မြတ်စွာဘုရားဟောကြားရေ ထိုတရားတိကို အသျှင်မဟာကဿပမထေရ်စွာ နှလုံးသွင်း ပွားများကျင့်သုံးရေအခါ အဆင့်တစ်ခုမာ ပီတိဟုခေါ်ရေ ကြည်နူးခြင်းဖြစ်လာရေ။ စိတ်ကြည်လင်ရေအခါ အကြောင်းအကျိုးသဘောအရ စိတ်မှ ခန္ဓကိုယ်ကို ကျေးဇူးပြုရေ လောကနိယာမသဘောအရ သွီးသားတိစင်ကြယ်ပြီးကေ ရောဂါပျောက်ကင်းခရေ။

ဗောဇ္ဈင်္ဂသုတ်ဧ့ အကျိုး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ခြင်းနန့် "လူမမာတိကို ရောဂါသက်သာစီရေ၊ ပျောက်ကင်းစေနိုင်စွာဆိုပနာ ယုံကြေကတ်ရေ။ မူရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲပြီးကေ ရွတ်ကေ ပိုပြီးကေ ကောင်းရေ"လို့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲမှာ ဆိုထားရေ။ ပရိတ် အနက်အဓိပ္ပာယ်တွင်လည်း အသျှင်မဟာမောဂ္ဂလာန်နန့် အသျှင်မဟာကဿပရို့ နိန်မကောင်း ဖြစ်ရေအခါမာ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနစ်ပါးတရားကို ဟောပီးပြီး သက်သာရာ ရဟိကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် နိန်မကောင်းဖြစ်ရေ အခါမာလည်း စုန္ဒရဟန်းတော်အား ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစီပြီး သက်သာရာ ရဟိခကြောင်းတိကို ဖွဲ့ဆိုထားရေ။ ထိုကြောင့် သရဏဂုံ သုံးပါးနန့် ငါးပါးသီလကို ဆောက်တည်ပြီးကေ အကုသိုလ်ကင်းစင်နိန်ချိန်မှာ ဗောဇ္ဈင်သုတ်ကို ယယုံကြကြေရွတ်ဖတ်ပါက ဝေဒနာခံစားနိန်ရရေလူတိ ရောဂါ သက်သာပျောက်ကင်းနိုင်ရေလို့ ဗုဒ္ဓဘာသာဝင်ရို့က ယုံကြေကတ်ရေ။

ဘုရားသျှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနိန်စိုင် ဗောဇ္ဈင်ခုနစ်ပါးစွာ အသင်္ခတဂါမိမဂ္ဂဖြစ်ပုံ၊ သာဝကရို့အား အစီးအပွားနန့် ချီးမြှောက်မှုနန့် မြတ်စွာဘုရားစွာ ချီးမြှောက်တော်မူခြင်းကို အကြောင်းပြုပနာ ငါဘုရားစွာ သင်ရို့အား (ဟောကြားသမှုပြုအပ်ပေပြီ၊ ရဟန်းရို့ ရုက္ခမူလ၊ သုညာဂါရရို့မာ (ကိလေသာတိကို) ရှိုးမြိုက်ကက်ဖိ၊ မောသီမောသတ်မနီကတ်ကေ့၊ နောင်တတစ်ဖန် ပူပန်မှုကို မဖြိုက်စီကက်ကေ့။ ဒေစွာကား သင်ရို့အား အဖန်ဖန် အထပ်ထပ် ဆုံးမတော်မူခြင်းတဲးလို့ ရဟန်းရို့အား ဘုရားသျှင် ဟောတော်မူရေသုတ်။

ဘုရားသျှင် ကောသလနိုင်ငံ သီတင်းသုံးတော်မူနိန်စိုင် “အာနာပါနဿတိ နန့် ဗောဇ္ဈင်ခုနစ်ပါးကို ဘာဝိတ၊ ဗဟုလီကတဖြစ်အောင် ပွားများကေ မဟပ္ဖလ၊ မဟာ နိသံသဖြစ်ဧ့”လို့ ရဟန်းရို့အား ဘုရားသျှင် ဟောတော်မူရေသုတ်။

ဘုရားသျှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနိန်စိုင် ကဏှ၊ ကဏှဝိပါက၊ သုက္က၊ သုက္ကဝိပါက၊ ကဏှသုက္က၊ ကဏှသုက္ကဝိပါက၊ အကဏှအသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယ-ဆိုရေ ကံလေးပါး၊ ဗောဇ္ဈင်ခုနှစ်ပါးစွာ အကဏှ၊ အသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယအကျိုးငှာဖြစ်ရေ ကံပေတဲးဟု တစ်ခုစီ တစ်ခုစီဝေဖန်ပြီးကေ ရဟန်းရို့အား ဘုရားသျှင် ဟောကြားတော်မူရေသုတ်။

ဘုရားသျှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနိန်စိုင် အပရိဟာနိက ဖြစ်တေ ဗောဇ္ဈင်ခုနစ်ပါးကို ပွားများနိန်ရေ ရဟန်းရို့အား တိုးတက်ကြီးပွားဖို့ရာ ဖြစ်ပုံ ဆုတ်ယုတ်ခြင်း မဖြစ်နိုင်ပုံကို တစ်ပါးစီ တစ်ပါးစီ ရဟန်းရို့အား ဘုရားသျှင် ဟောတော်မူရေသုတ်။

ဘုရားသျှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနိန်စိုင် ဗောဇ္ဈင်ခုနစ်ပါးတိကို ပွားများအပ်၊ ကြိမ်ဖန်အများကြီး အလိ့အလာပြုအပ်လို့ဟိကေ ဝိဇ္ဇာသုံးပါး ပြီးပြည့်စုံပုံကို အကျယ်တဝင့် ရဟန်းရို့အား ဘုရားသျှင် ဟောကြားတော်မူရေသုတ်။

-သံ၊၂၊၅၃၆။ သံ၊မြန်၊၂၊၅၂၉။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၉-အသင်္ခတသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ ဒသမသုတ်။

-သံ၊၃၊၂၇၂။ သံ၊မြန်၊၃၊၂၇၄။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၀-အာနာပါနသံယုတ္တ၊ ၁-ဧကဓမ္မဝဂ္ဂ၊ ဒုတိယသုတ်။

-အံ၊၁၊၅၅၉။ အံ၊မြန်၊၁၊၅၇၄။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ (၂၄) ၄-ကမ္မဝဂ္ဂ၊ သတ္တမသုတ်။

-အံ၊၂၊၄၁၄။ အံ၊မြန်၊၂၊၅၂၄။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၃-ဝဇ္ဇိသတ္တကဝဂ္ဂ၊ ဆဋ္ဌသုတ်။

-အံ၊၃၊၄၂၇။ အံ၊မြန်၊၃၊၄၁၉။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၁) ၁-သမဏသညာဝဂ္ဂ၊ ဒုတိယသုတ်။