ဘေသဇ္ဇသိက္ခာပုဒ်
၃-ဘေသဇ္ဇသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၁၈။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူသော အခါ အသျှင်ပိလိန္ဒဝစ္ဆစွာ ရာဇဂြိုဟ်မြို့၌ လိုဏ်ပြုလုပ်လိုတွက်နန့် ချိုင့်ဝှမ်းကို သုတ်သင်စီ၏။
ယင်းခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းစွာ အသျှင်ပိလိန္ဒဝစ္ဆပါးကို ချိုင်းကပ်ပနာ ရိုသီစွာယှိခိုးပြီးကေ တစ်ခုသော နီရာမာ ထိုင်ရားသော် အသျှင်ပိလိန္ဒဝစ္ဆအား- "အသျှင်ဘုရား အသျှင်ဘုရားစွာ အဇာအရာကို ပြုလုပ်စီတော်မူပါသနည်း"ဟု လျှောက်၏။
"မတ်ကြီး လိုဏ်ပြုလုပ်လိုတွက်နန့် ချိုင့်ဝှမ်းကို သုတ်သင်စီပါရေ"ဟု (ပြောရေ)။
"အသျှင်ဘုရား အသျှင့်အား အရံစောင့်ကို အလိုဟိပါသလော"ဟု (လျှောက်၏)။
"မတ်ကြီး မြတ်စွာဘုရားစွာ အရံစောင့်ကို ခွင့်ပြုတော်မမူအပ်သေး"ဟု (ပြောရေ)။
"ယပိုင်ဖြိုက်ခကေ မြတ်စွာဘုရားကို မေးလျှောက်ပနာ အကျွန်ုပ်အား (အကြောင်း) ကြားတော်မူပါ"ဟု (လျှောက်၏)။
"ကောင်းယာ မတ်ကြီး"ဟု အသျှင်ပိလိန္ဒဝစ္ဆစွာ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းအားပြန်ကြား၏။
ယပြီးနောက် အသျှင်ပိလိန္ဒဝစ္ဆစွာ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမတ်ကို တရားစကားနန့် (အကျိုးစီးပွါး) ကို သိမြင်စီပြီးကေ (တရားကို) ဆောက်တည်စီကာ (တရားကျင့်သုံးဖို့) ထက်သန့်ရွှင်လန်းစီ၏၊ ယင်းခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းစွာ အသျှင်ပိလိန္ဒဝစ္ဆစွာ တရားစကားနန့် (အကျိုးစီးပွါးကို) သိမြင်စီပြီးကေ (တရားကို) ဆောက်တည်စီကာ (တရားကျင့်သုံးဖို့) ထက်သန် ရွှင်လန်းစီအပ်ပြီးရေ် နီရာမှ ထလျက် အသျှင်ပိလိန္ဒဝစ္ဆကို ယှိခိုးပနာ အရိုအသေပြုကာဖဲလားရေ။
၆၁၉။ ယင်းခါ အသျှင်ပိလိန္ဒဝစ္ဆစွာ "အသျှင်ဘုရား မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းစွာ အရံစောင့်ကို လှူလိုပါရေ၊ အသျှင်ဘုရား အကျွန်ုပ်စွာ အဇာသို့ ကျင့်ရပါဖို့လဲ"ဟု မြတ်စွာဘုရားပါးကို တမန်ကိုစီလွှတ်၏။
ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေရဟန်းရို့ကို "ရဟန်းရို့ အရံစောင့်ကို ခွင့်ပြုရေ"ဟု မိန့်တော်မူ၏။
နှစ်ကြိမ်မြောက်လည်း မဂဓတိုင်းရှင် သေနိယမည်သော ဗိဗ္ဗိသာရမင်းစွာ အသျှင်ပိလိန္ဒဝစ္ဆပါးကိုချိုင်းကပ်ပနာ ယှိခိုးပြီးကေ တစ်ခုသော နီရာမာ ထိုင်ရားသော် အသျှင်ပိလိန္ဒဝစ္ဆအား-
"အသျှင်ဘုရား မြတ်စွာဘုရားစွာ အရံစောင့်ကို ခွင့်ပြုတော်မူအပ်ပါယာလော"ဟု လျှောက်၏၊ ခွင့်ပြု တော်မူအပ်ပြီ မတ်ကြီးဟု (ပြောဆို၏)။
"ယပိုင်ဖြိုက်ခကေ အသျှင်အား အရံစောင့်ကို လှူပါဖို့"ဟု (လျှောက်၏)။
ယင်းခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိဗ္ဗိသာရမင်းစွာ အသျှင်ပိလိန္ဒဝစ္ဆအား အရံစောင့်ကိုဝန်ခံပြီးနောက် သတိမိန့်လျော့ပနာ ကြာမြင့်မှ အောက်မိကာ အမှုကိစ္စအားနုန်းကို ဆောင်ရွက်တတ်ရေအမတ်ကြီးတစ်ယောက်ကို-
"အချင်း ငါစွာ အသျှင့်အတွက် အကြင် အရံစောင့်ကို ဝန်ခံအပ်ခါ့ဇပ်ာ၊ ထိုအရံစောင့်ကို လှူအပ်ရာလော"ဟု မေး၏။
မြင်းမြတ် အသျှင့်အား မလှူအပ်သိမ့်ပါ"ဟု (လျှောက်၏)။
"အချင်း ဒေနိမှ (ပြန်ပနာ ရေသော်) ထို (လှူမည်ဝန်ခံသော နိ) စွာ ဇာမျှလောက်ကြာရာ နည်း"ဟု (မေးပြန်ရာ) -
ယင်းခါ အမတ်ကြီးရေ ညဉ့်ရို့ကို ရွီတွက်ပနာ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရ မင်းအား-
"ရက်ပေါင်း ငါးရာမျှဟိနီရေ အသျှင်မင်းမြတ်"ဟု လျှောက်တင်၏။
"အချင်း ယပိုင်ဖြိုက်ခကေ အသျှင့်အား အရံစောင့် ငါးရာရို့ကို လှူလော့"ဟု (အမိန့်ပီး၏)။
ကောင်းပါရာ အသျှင်မင်းမြတ်ဟု ထိုအမတ်ကြီးရေ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရ မင်းအားဝန်ခံပနာ အသျှင်ပိလိန္ဒဝစ္ဆအား အရံစောင့်ငါးရာရို့ကို ပီးလှူလေ၏၊ သီးခြားရွာတရွာ ဖြိုက် တည်လှာ၏။ ထိုရွာကို "အရံစောင့်ရွာငယ်"ဆိုပနာလိ့ကောင်း၊ "ပိလိန္ဒရွာငယ်"ဆိုပနာလိ့ကောင်း ခေါ်ကြ ကုန်၏။
၆၂၀။ ယင်းခါ အသျှင်ပိလိန္ဒဝစ္ဆစွာ ထိုရွာငယ်၌ အိမ်သို့ ကပ်သော ရဟန်းဖြိုက် ၏၊ ယင်းခါအသျှင်ပိလိန္ဒဝစ္ဆစွာ စီာစီာသား၌ သင်္ကန်းကို ပြင်ဝတ်ပနာ သပိတ်သင်္ကန်းကို ယူလျက် ပိလိန္ဒရွာငယ်သို့ဆွမ်းအလို့ငါှ ဝင်၏၊ ယင်းခါ ထိုရွာငယ်၌ ပွဲသဘင်ဖြိုက် ၏၊ သူငယ်မရို့စွာ တန်ဆာဆင်ကြ ပန်းပန်ကြကာ ပျော်မြူးကတ်ကုန်၏၊ ယင်းခါ ပိလိန္ဒဝစ္ဆစွာ ပိလိန္ဒရွာငယ်၌ အစိုင်အတိုင်း ဆွမ်းအလို့ငါှ လှည့်လည်လတ်သော် အရံစောင့်တဦး၏ အိမ်သို့ ချိုင်းကပ်ပြီးနောက် ခင်းထားအပ်ရေ နီရာမာ ထိုင်ရေ။
ယင်းခါ ထိုအရံစောင့်မိမ၏ သမီးစွာ အခြားသော တန်ဆာဆင်ကြ ပန်းပန်ကတ်ရေ သူငယ်မ ရို့ကိုမြင်ပြီးကေ "ငါ့အား ပန်းပီးကတ်ဖိ၊ ငါ့အား အဆင်တန်ဆာပီးကတ်ဖိ"ဟု (ဆိုပနာ) ငို၏၊ ယင်းခါအသျှင်ပိလိန္ဒဝစ္ဆစွာ ထိုအရံစောင့် မိမအား-
"ဒေ သူငယ်မစွာ အဇာကြောင့် ငိုသနည်း"ဟု မေး၏။
အသျှင်ဘုရား ဒေသူငယ်မစွာ အခြားသော တန်ဆာဆင်ကြ ပန်းပန်ကတ်ရေ သူငယ်မရို့ကိုမြင်ပြီးကေ့"ငါ့အား ပန်းပီးကတ်ဖိ၊ ငါ့အား အဆင်တန်ဆာပီးကတ်ဖိ"ဟု (ဆိုပနာ) ငိုပါရေ၊ အကျနော်ရို့ဆင်းပုလိပ်တိအား အဇာမာ ပန်းဟိပါဖို့လဲ၊ အဇာမာ အဆင်တန်ဆာ ဟိပါဖို့ နည်းဟု (လျှောက်၏)။
ယင်းခါ အသျှင်ပိလိန္ဒဝစ္ဆစွာ မြက်ကရွတ်ခွေတခုကို ယူပနာ ထိုအရံစောင့်မိမအား "ဒေမြက်ကရွတ်ခွေကို ယင့်သူငယ်မ၏ အဂေါင်း၌ စွပ်လော့"ဟု မိန့်ဆို၏။
ယင်းခါ အရံစောင့်မိမစွာ မြက်ကရွတ်ခွေကို သူငယ်မ၏ အဂေါင်း၌ စ္ပပ်လေ၏၊ ထိုမြက်ကရွတ်ခွေစွာ ကောင်းကောင်းလှသော ကြည့်ရှုဖွယ်ကောင်းရေ စိတ်ကို ကြိုင်လင်စီနှိုင်ရေ ရွှီပန်းခွီ ဖြိုက် လေ၏၊ ယင်းပိုင်သော ရွှီပန်းခွီစွာ မင်း၏ နန်းတော်တွင်း၌ပင် မဟိချေ။
လူရို့စွာ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းအား "အသျှင်မင်းမြတ် ဒေပိုင်သောအရံစောင့်၏အိမ်၌ ကောင်းကောင်းလှသော ကြည့်ရှုဖွယ်ကောင်းရေ စိတ်ကို ကြိုင်လင်စီနှိုင်ရေ ရွှီပန်းခွီ (ဟိပါရေ)။ ယင်းပိုင်သော ရွှီပန်းခွီစွာ မင်းမြတ်၏ နန်းတော်တွင်း၌ပင် မဟိပါ၊ ယင့်သူဆင်းရဲအားအတခုလည်း (ရနှိုင်ဖို့နည်း)၊ မုချအနိန်နန့် ခိုးယူလှာခြင်း ဖြိုက် ပါလိမေ"ဟု လျှောက်ကတ်ကုန်၏။
ယင်းခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းစွာ ထိုအရံစောင့်အမျိုးကို နှောင်ဖွဲ့စီ၏၊ နှစ်ကြိမ်မြောက်လည်း အသျှင်ပိလိန္ဒဝစ္ဆစွာ စီာစီာသား၌ သင်္ကန်းကို ပြင်ဝတ်ပနာ သပိတ်သင်္ကန်းကိုယူလျက် ပိလိန္ဒရွာငယ်သို့ ဆွမ်းခံဝင်လေ၏၊ ပိလိန္ဒရွာငယ်၌ အစိုင်အတိုင်း ဆွမ်းအလို့ငှါ လှည့်လည်လတ်သော် ထိုအရံစောင့်အိမ်ပါးသို့ ချိုင်းကပ်ပနာ အိမ်နီးချင်းရို့ကို-
"ဒေအရံစောင့်အမျိုးစွာ အဇာအရပ်သို့ သွားသနည်း"ဟု မေး၏။
အသျှင်ဘုရား ထိုရွှီပန်းခွီ၏ အကြောင်းကြောင့် ဘုရင်မင်းမြတ်စွာ နှောင်ဖွဲ့စီအပ်ပါရေလို့ (လျှောက်ကတ်ကုန်၏)။
၆၂၁။ ယင်းခါ ပိလိန္ဒဝစ္ဆစွာ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်း၏ နန်းတော်သို့ချိုင်းကပ်ပနာ ခင်းထားအပ်ရေ နီရာမာ ထိုင်ရေ။ ယင်းခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းစွာ အသျှင်ပိလိန္ဒဝစ္ဆပါးကို ချိုင်းကပ်ပနာ အသျှင်ပိလိန္ဒဝစ္ဆကို ယှိခိုးလျက် တစ်ခုသော နီရာမာ ထိုင်ရေ၊ တစ်ခုသော နီရာမာ ထိုင်ရားသော် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းအား အသျှင်ပိလိန္ဒဝစ္ဆ စွာ-
"မတ်ကြီး အဇာကြောင့် အရံစောင့်အမျိုးကို နှောင်ဖွဲ့စီအပ်သနည်း"ဟု မေး၏။
အသျှင်ဘုရား ထိုအရံစောင့်၏ အိမ်၌ ကောင်းကောင်းလှသော ကြည့်ရှုဖွယ်ကောင်းရေ စိတ်ကို ကြိုင်လင်စီနှိုင်ရေ ရွှီပန်းခွီဟိပါရေ၊ ယင်းပိုင်သော ရွှီပန်းခွီစွာ အကျနော်ရို့၏ နန်းတော်အတွင်းမာပင်မဟိပါ၊ ယင့်သူဆင်းရဲအား အတခုလည်း (ရနှိုင်ဖို့နည်း)၊ မုချအနိန်နန့် ခိုးယူလှာခြင်း ဖြိုက် ပါလိမေဟု (လျှောက်၏)။
ယင်းခါ အသျှင်ပိလိန္ဒဝစ္ဆစွာ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်း၏ ပြသာဒ်ကို"ရွှေဖြိုက်စီ"ဟု အဓိဋ္ဌာန်၏၊ ၎င်းစွာ အားနူံးရွှေနန့်ပြီးရေ ပြသာဒ်ဖြိုက်လှာ၏။
"မတ်ကြီး ကကောင်းကကောင်းတိသော ဒေရွှီတွိကို သင်ရေ အတခုလည်း ရသနည်း"ဟု (မေး၏)။
"သိပါယာ အသျှင်ဘုရား၊ အသျှင်၏ တန်ခိုးအာနုဘော်ပါတည်း"ဟု (ဆိုပနာ) ထိုအရံစောင့် အမျိုးကိုလွှတ်စီ၏။
လူရို့စွာ အသျှင်ပိလိန္ဒဝစ္ဆစွာ မင်းနန့်တကွ ပရိသတ်၌ လူရို့၏ ကုသိုလ်ကမ္မပထတရားထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားဖြိုက်ရေ တန်ခိုးပြာဋိစွာကို ပြသတတ်ဟု ခြီဝမ်းသာကတ်ကုန်ပနာ ကကောင်းကြည်ညိုကတ်ကုန်အနိန်နန့် အသျှင်ပိလိန္ဒဝစ္ဆအား ငါးပါးသော ဆေးရို့ကို လှူဒါန်းကတ်ကုန်၏။
ဒေငါးပါးသော ဆေးဟူစွာ အဇာနည်း၊ ထောပတ် ဆီဦး ဆီ ပျားရည် တင်လဲရို့တည်း။
ပင်ကိုယ်အနိန်နန့်လည်း အသျှင်ပိလိန္ဒဝစ္ဆစွာ ငါးပါးသော ဆေးရို့ကို ရလေ့ဟိ၏၊ ရတိုင်း ရတိုင်း ကိုပရိသတ်အား စွန့်၏။
ထိုအသျှင်ပိလိန္ဒဝစ္ဆ၏ ပရိသတ်စွာကား ဝန်ပေါတိလို၏။ ရတိုင်း ရတိုင်းကို ဖျဉ်းအိုးရို့မာပြည့်စီပနာ သိုမှီး၏၊ ရီစစ်အိတ်ရို့ကို ပြည့်စီပနာ လေသောက် (ပြူတင်း) ရို့မာ ချိတ်ဆွဲထား၏၊ ထိုဆေးရို့စွာ အောက်နန့် နံပါးနှစ်ဖက်မှ ယိုကျကုန်၏၊ ကျောင်းအားနူံးရို့စွာ ကြွက်ရို့နန့်လည်း ပြွမ်းကုန်၏။
ကျောင်းစိုင်လှည့်လည်သော လူရို့စွာ မြင်ကတ်ကုန်ပနာ "ဒေသာကီဝင်မင့်သား ဘုရားနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းပိုင် အတွင်းမာကျီကြဟိကုန်ရေ"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။
ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြောဆိုကတ်သော ဟိုလူရို့၏ စကားကို ကြားကတ်ရေသာတည်း၊ အလိုနည်းသော ရဟန်းရို့စွာ "အဇာကြောင့် ရဟန်းရို့စွာ ဧချင့်ပိုင် ဝန်ပေါတိခြင်းငှါအားထုတ်ကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။
ယင်းခါ ထိုရဟန်းရို့စွာ ထိုရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။
"ရဟန်းရို့ ရဟန်းရို့စွာ ဧချင့်ပိုင် ဝန်ပေါတိခြင်းငှါ အားထုတ်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ ရဟန်းရို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ထိုယောက်ျားရို့စွာ ဧချင့်ပိုင် ဝန်ပေါတိခြင်းငှါ အဇာကြောင့် အားထုတ်ကုန်ဘိသနည်း၊ ရဟန်းရို့ ဒေ (သင်တု့ိ ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၂၂။ မမာသော ရဟန်းရို့အား သုံးဆောင်ဖွယ်ဖြိုက်ကုန်သော အကြင်ဆေးရို့စွာဖြိုက် ထက်ကုန်၏၊ ဒေဆီးရို့ကား အဇာရို့နည်း၊ ထောပတ် ဆီဦး ဆီ ပျားရည် တင်လဲ ရို့တည်း၊ ထိုဆေးရို့ကို အအဖက်ခံပနာ ခုနှစ်ရက် အပိုင်းအခြား ကာလလုံးလုံး သိုမှီးသိမ်းဆည်းခြင်းကို ပြုပနာသုံးဆောင်ရဖို့၊ ထိုခုနစ်ရက်ကို လွန်စီရေ ရဟန်းအား နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၃-ဘေသဇ္ဇသိက္ခာပုဒ်အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၂၃။ မမာသော ရဟန်းရို့အား သုံးဆောင်ဖွယ် ဖြိုက်ကုန်သော အကြင်ဆေး ရို့စွာဟူရာမာထောပတ် ဆိုစွာ နွားထောပတ်သော်လိ့ကောင်း၊ ဆိတ်ထောပတ်သော်လိ့ကောင်း ၊ ကျွဲထောပတ် သော်လိ့ကောင်း အကြင်သတ္တဝါရို့၏ အသားစွာ အပ်၏၊ ထိုသတ္တဝါ ရို့၏ထောပတ်တည်း။
ဆီဦး ဆိုစွာ ထိုသတ္တဝါရို့၏ ဆီဦးပင်တည်း။
ဆီ ဆိုစွာ နှမ်းဆီ မုန်ညှင်းဆီ သစ်မည်စည်ဆီ ကြက်ဆူဆီ အမဲဆီရို့တည်း။
ပျားရည် ဆိုစွာ ယင်ပျားရည်တည်း။
တင်လဲ ဆိုစွာ ကြံမှဖြိုက်ရေ တင်လဲတည်း။
ထိုဆေးရို့ကို အအဖက်ခံပနာ ခုနစ်ရက်အပိုင်းအခြား ကာလလုံးလုံး သိုမှီးသိမ်းဆည်းခြင်း ကို ပြုပနာသုံးဆောင်ရဖို့ဟူစွာ ခုနစ်ရက်အပိုင်းအခြားဟိရေ၏ အဖြိုက် နန့် သုံးဆောင်ရဖို့။
ထိုခုနစ်ရက်ကို လွန်စီရေ ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏ဟူစွာ ရှစ်ရက်မြောက်အာရုဏ်တက်လတ်သော် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ ဒေအကျွန်ုပ်၏ ဆေးစွာ ခုနစ်ရက်ကို လွန်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေဆီးကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန် ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။
၆၂၄။ ခုနစ်ရက်လွန်စွာ၌ လွန်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ခုနစ်ရက်လွန်စွာ၌ ယုံမှားရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ခုနစ်ရက်လွန်စွာ၌ မလွန်သေးဟုထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊
အဓိဋ္ဌာန်မတင်အပ်ရေ၌ အဓိဋ္ဌာန်တင်အပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မစွန့်အပ်သိမ့်ရေ၌ စွန့်အပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မပျောက်စွာ၌ပျောက်ရေလို့ ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မပျက်စွာ၌ ပျက်ရေလို့ ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မီးမလောင်စွာ၌ မီးလောင်ရေလို့ ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏။ (ခိုးသူ) မလုယက်အပ်ရေ၌ လုယက်အပ်ရေဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏။
စွန့်အပ်ပြီးကို ပြန်ရပြီးကေ ကိုယ်နန့် စပ်သော သုံးဆောင်ခြင်းနန့် မသုံးဆောင်ရ၊ မမျိုရ၊ ဆီမီး၌သော်လိ့ကောင်း၊ မင်၌သော်လိ့ကောင်း ထည့်ရဖို့၊ အခြားရဟန်းစွာ ကိုယ်နန့် စပ်သောသုံးဆောင်ခြင်းနန့် သုံးဆောင်ရဖို့၊ မမျိုရ။
ခုနစ်ရက်မလွန်သိမ့်ရေ၌ လွန်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခုနစ်ရက်မလွန်သိမ့်ရေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ခုနစ်ရက်မလွန်သိမ့်ရေ၌ မလွန်သေးဟုထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။
၆၂၅။ ခုနစ်ရက်အတွင်းမာ အဓိဋ္ဌာန်တင်အံ့၊ စွန့်အံ့၊ ပျောက်အံ့၊ ပျက်အံ့၊ မီးလောင်အံ့၊ လုယက်ပနာယူကုန်အံ့၊ အကျွမ်းဝင်ပြီးကေ ယူကုန်အံ့၊ ရဟန်းမဟုတ်သူ 'လူမောင်သျှင်' အား စွန့်အနိန်နန့် အန်အနိန်နန့် လွှတ်အနိန်နန့် ညှာတာခြင်းမဟိပဲနန့် ပီးပြီးနောက် ပြန်ရပြီးကေ သုံးဆောင်အံ့၊ အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန် ကျူးသော ရဟန်းအား အာပတ်မသင့်။
တတိယ ဘေသဇ္ဇသိက္ခာပုဒ် ပြီး၏။