Jump to content

မင်္ဂလသုတ်

ဝီကီးပီးဒီးယား က

၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိသု သဒေဝကာ။ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။

(၁။ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင်းတ နှစ်သက်ကက်တေ နတ်လူအပေါင်းရို့သည် တစ်ဆယ့်နှစ်နှစ် ကာလပတ်လုံး သတ္တဝါတိ ကြီးပွားချမ်းသာကြောင်းဖြစ်တေ မင်္ဂလာတရားတော်ကို ကြံစီကက်လီရေ ‌၊ ယင်းပိုင်ကြံစည်ကက်ကေလေ့ သုံးဆယ်ရှစ်ပါးဟိရေ မင်္ဂလာတရားတော်ကို (ကြီးပွားရီးတရားတော်ကို) မသိနိုင်ကက်ပါကုန်။)

၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။ သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။

(၂။ နတ်တကာတို့ဧ့ ဥက္ကဋ္ဌဝိသုဒ္ဓိနတ် ဖြစ်တော်မူရေ မြတ်စွာဘုရားသျှင်စွာ သတ္တလောကအားလုံးဧ့ အကျိုးစီးပွားအလို့ငှာ ယင်းမင်္ဂလာတရားတော်ကို ဟောကြားတော်မူပါရေ၊ သတ္တဝါတိ ကြီးပွားချမ်းသာကြောင်း‌လေ့ဖြစ်ပါ‌၏၊ ခပ်သိမ်းရေ မကောင်းမှုကိုလေ့ ဖျက်စီးပယ်ဖျောက်တတ်၏။

အို- သူတော်ကောင်းအပေါင်းရို့- ယင်း မင်္ဂလာတရားတော်ကို ငါရို့ရွတ်ဖတ်ကက်ပါ‌မေ။)

၃။ ဧဝံ မေ သုတံ- ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ-ဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ သြဘာသေတွာ ယေန ဘဂဝါ၊ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ၊ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

(၃။ အသျှင်ဘုရား မဟာကဿပ ဒေမင်္ဂလသုတ် အမိန့်တော်ကို သျှင်တော်ဗုဒ္ဓ မျက်မှောက်တော်က ဒေပိုင် အခြင်းအရာနန့်ရာ ကြားနာမှတ်ဆောင်ရပါ၏။ အခါတပါး မြတ်စွာဘုရားစွာ သာဝတ္ထိမြို့အနီး အနာထပိဏ်သူဋ္ဌေး ဆောက်လုပ်လှူဒါန်းအပ်တေ ဇေတဝန်ကျောင်းတိုက်ကြီးမှာ သီတင်းသုံးနီတော်မူ၏၊ ယင်းအခါ အမျိုးနာမည်အနီနန့် မထင်မရှား အလွန်နှစ်လိုစရာ အဆင်းဟိ‌ရေ နတ်သားတစ်ယောက်စွာ ညဉ့်ဦးယံလွန်ပြီးကေ သန်းခေါင်ယံအခါမှာ အလုံးစုံသော ဇေတဝန်ကျောင်းတိုက်ကို ကိုယ်ရောင်ကိုယ်ဝါနန့် ထွန်းလင်းစီပနာ မြတ်စွာဘုရား ဟိတော်မူရာကို ချဉ်းကပ်လေ၏၊ ချဉ်းကပ်ပြီးရေအခါ မြတ်စွာဘုရားကို အလွန်ရိုသေစွာရှိခိုးပြီး‌ကေ “ဝေး,နီး,လေညာ မြင့်ရာဟှိနောက်” ပြစ်ခြောက်ကင်းကွာ၊ သင့်တင့်လျောက်ပတ်ရေ နီရာမှာရပ်လေ၏၊ ရပ်ပြီးလတ်ကေ ယင်းနတ်သားစွာ မြတ်စွာဘုရားကို ဒေပိုင်လျှောက်ထားတောင်းပန်၏။)

၄။ ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

(၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား-နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကက်‌တေ နတ်လူအများရို့စွာ သတ္တဝါတိ ကြီးပွားချမ်းသာကြောင်းဖြစ်တေ မင်္ဂလာတရားတော်ကို ကြံစီကက်လေကုန်ပြီ၊ ယင်းပိုင် ကြံစီကက်ကုန်ကေလေ့ မသိကက်ပါကုန်၊ ဘုန်းတော် ကြီးတော်မူရေ သျှင်တော်မြတ်ဘုရား ယင်းထူးမြတ်လှရေ မင်္ဂလာတရားတော်ကို ဟောကြားတော်မူပါအရှင်ဘုရား။)

၅။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၅။ အို နတ်သား သူမိုက်ရို့ကို မမှီဝဲမဆည်းကပ်ခြင်း၊ ပညာရှိရို့ကို မှီဝဲ ဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူရို့ကို ပူဇော်ခြင်း၊ ဒေတရားသုံးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။

၆။ ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

(၆။ အို နတ်သား လျော်ကန်သင့်မြတ်တေ အရပ်မှာနီထိုင်ခြင်း၊ ဟှိဟှိဘဝက ပြုခဖူးရေ ကုသိုလ်ကောင်းမှု ဟိသူဖြစ်ခြင်း၊ အကျင့်တရား မပျက်ပြားအောင် မိမိကိုယ်စိတ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဒေတရားသုံးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။)

၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။ (၇။ အို နတ်သား အကြားအမြင်များ‌ရေသူဖြစ်ခြင်း၊ လက်မှုပညာအစဟိရေ အတတ်ရို့ကို တတ်မြောက်ခြင်း၊ ကောင်းစွာသင်ကြားပြီးရေ ကိုယ်ကျင့်ဝိနည်း တရားဟိခြင်း၊ ကောင်းစွာပြောဆိုအပ်တေ စကားဟိခြင်း ဒေတရားလေးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။)

၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

(၈။ အို နတ်သား အမိအဘရို့ကို လုပ်ကျွေးမှုမြူခြင်း၊ သားမယားရို့ကို ချီးမြှောက် ထောက်ပံ့ခြင်း၊ လယ်လုပ်ကုန်သွယ် ရောင်းဝယ်ခြင်းစရေ အနှောက်အယှက်မဟိရေ အမှုရို့ကို ပြုလုပ်ခြင်း၊ ဒေတရားသုံးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။)

၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။

၉။ အို နတ်သား ပီးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊ သုစရိုက်တရားဆယ်ပါးရို့ကို ကျင့်သုံးခြင်း၊ အဆွီအမျိုးရို့ကို ချီးမြှင့်ထောက်ပံ့ခြင်း၊ ဥပုသ်စောင့်ခြင်း ရီတွင်း, ရီကန် တူးခြင်းစရေ အပြစ်မဟိရေ အလုပ်ရို့ကို ပြုလုပ်ခြင်း၊ ဒေတရားလေးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။

၁၀။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၀။ အို နတ်သား မကောင်းမှုမှ စိတ်နန့် ဝီးစွာရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှ ကိုယ်နှုတ်တိနန့် အထူးရှောင်ကြဉ်ခြင်း၊ သေရည်သေရက် သောက်ခြင်းက ကောင်းစွာရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုရို့မှာ မမိန့်မလျော့ခြင်း၊ ဒေတရားလေးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။

၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

(၁၁။ အို နတ်သား ရိုသေထိုက်တ သူရို့ကို ရိုသေခြင်း၊ မာန်မာနကို နှိမ့်ချ ခြင်း၊ ရသမျှနနန့် ရောင့်ရဲလွယ်ခြင်း၊ သူပြုဖူးရေ ကျေးဇူးကိုသိခြင်း၊ သင့်လျော်ရေအခါမှာ သူတော်ကောင်းတရားကိုနာခြင်း၊ ဒေတရားငါးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။)

၁၂။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။

(၁၂။ အို နတ်သား သီးခံခြင်း၊ သူတော်ကောင်းရို့ ဆုံးမအပ်တေ စကားကို နာယူလွယ်ခြင်း၊ ရဟန်းသူမြတ်ရို့ကို ဖူးမြင်ခြင်း၊ သင့်လျော်ရေအခါမှာ တရားစကားကို ဆွီးနွီးမိန်းမြန်းခြင်း၊ ဒေတရားလေးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။)

၁၃။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။ နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။

၁၃။ အို နတ်သား ခြိုးခြံစွာကျင့်ခြင်း၊ မြတ်တေ အကျင့်ကိုကျင့်ခြင်း၊ အရိယာ သူတော်ကောင်းရို့ဧ့ သစ္စာလေးပါးတရားကို သိမြင်ခြင်း၊ တဏှာကထွက်မြောက်ရာ အရဟတ္တဖိုလ်လို့ဆိုရေ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ ဒေတရားလေးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။


၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

(၁၄။ အို နတ်သား လောကဓံတရား ရှစ်ပါးရို့နန့် တွေ့ကြုံရေ ရဟန္တာဧ့စိတ်စွာ မတုန်မလှုပ်၊ စိုးရိမ်ကြောင့်ကြခြင်းလေ့မဟိ၊ ကိလေသာ ရမ္မက်ဆိုရေ မြူလေ့မဟိ၊ ကြောက်ရွံ့ထိတ်လန့် ဘေး‌လေ့မဟိ၊ ဒေတရားလေးပါးစွာ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။)

၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

(၁၅။ အို နတ်သား နတ်နန့်တကွလူရို့စွာ ဒေသုံးဆယ့်ရှစ်ပါးအပြားဟိရေ မင်္ဂလာတရားတော်ရို့ကို သင်ယူ လိုက်နာ ကျင့်သုံး အားထုတ်ကကတေဆိုကေ အလုံးစုံသောအရပ်ရို့မှာ ရန်သူရို့စွာ မအောင်နိုင်ကက်လို့ ကြည်လင် အီးမြ ချမ်းသာခြင်းသို့ ရောက်ကက်ရကုန်၏။ အို နတ်သား ယင်းသုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်ကရာ နတ်လူရို့ဧ့ မြတ်တေ မင်္ဂလာမည်ရေဆိုစွာကို မှတ်လေလော့။)

မင်္ဂလသုတ္တံ နိဋ္ဌိတံ။

မင်္ဂလသုတ် ပြီးပါဗျာလ်

မင်္ဂလသုတ် ရွတ်ဖတ်ရခြင်း အကျိုး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံကေ ဇာနီရာမှာ နီသည်ဖြစ်စီ ဘေးအန္တရာယ်ကင်းရေ။ ရန်သူရို့က မိမိကို မအောင်မြင်နိုင်။ မိမိဧ့ ဘဝအဆင့်အတန်းကလေ့ တစ်နိန့်ထက်တစ်နိန့် တိုးတက်ချမ်းသာလာဖို့ဖြစ်ပါရေ။ အချုပ်အနီနန့် ရန်ကင်းရေ၊ သူတစ်ပါး မကောင်းမကြံနိုင်၊ ဘဝအခြီအနီ ကြီးပွားတိုးတက်စီရေ။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကပင် မင်္ဂလာဟိရေ မိမိဧ့စိတ်သန္တန်မှာ ဖြစ်ပေါ်လာနိုင်စီပါရေ။