Jump to content

ယတြာခေါင်းလောင်း

ဝီကီးပီးဒီးယား က
ယတြာခေါင်းလောင်း

ယတြာခေါင်းလောင်းစွာ ရက္ခိုင်အင်းအိုင်၊ စမတိနန့် ခပ်နှိပ်ထားပနာ ရက္ခိုင်သမိုင်း၌ပြည်ပရန်သူတိ ဖိန့်ဖိန့်တုန်အောင်ကြောက်လန့်ခရရေ နှစ်ပေါင်းအကြာ ပျောက်ဆုံးနီခရေ မြောက်ဦးခေတ် ရှီးဟောင်း သမိုင်းဝင်ယတြာခေါင်းလောင်းပင်ဖြစ်ကြောင်း သိရရေ။

မြောက်ဦးခေတ် ရက္ခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်တွင် နိုင်ငံတော်ကို စစ်ရီးအရ ကာကွယ်ဖို့ သွန်းလုပ်ခရေ ဒေခေါင်းလောင်းတော်ကြီးတွင် ပါဠိ၊ သက္ကတနန့် ရက္ခဝဏ္ဏ ဘာသာ ၃ မျိုးနန့် အစီအရင်တိ ရီးထွင်းထားရေ။ "ခေါင်းလောင်းတစ်ချိန်းတီးကေ အရှိပြည် ၃ ကြိမ် ပြိုစွာ" လို့ အဆိုဟိခအနိန်နန့် မြန်မာဘုရင်တိ အထူးထိတ်လန့်ခရရေ ခေါင်းလောင်းလည်း ဖြစ်တေ။

ရက္ခိုင်ပြည်စောင့်ခေါင်းလောင်းဖြစ်ရေ ယင့်ယတြာခေါင်းလောင်းကို ရက္ခိုင် မြောက်ဦးခေတ်၌ ရက္ခိုင်ဘုရင် နရပတိကြီး (1638-1645) လက်ထက်က သွန်းလုပ်ခရေ။ ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာသုံးမျိုးနန့် ရီးထိုးထားပြီးပနာ အင်း၊အိုင်၊ ခါးလှည့် သုံးမျိုးပါဝင်ရေ ဒေယတြာခေါင်းလောင်းအား တခါတီးလိုက်ကေ အရှိပြည်(၃)ခါပြိုလေ့ဟိ‌ရေအတွက်နန့် မြန်မာဘုရင်တိအဆက်ဆက် အထူးထိတ်လန့်တုန်လှုပ် ခြောက်ခြားခရရေ ခေါင်းလောင်းလည်း ဖြစ်တေ။

အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြီအချင်း ၆၅ စင်တီမီတာ၊ အောက်ခြီအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာ နန့် ဂိုင်းလုံးပတ် ၂၄ စင်တီမီတာဟိရေ သမိုင်းဝင် ကြီးသွန်းခေါင်းလောင်း ဖြစ်တေ။

ဦးထွန်းအောင်စွာ ၎င်းအသက် ၂၅ နှစ်အရွယ်၌ အလံနီပါတီခေတ်အတွင်းမာ ရက္ခိုင်ပြည်အတွက် အရီးကြီးရေ အမွီအနှစ်ဝန်ဖြစ်ရေ ယတြာခေါင်းလောင်းလုံခြုံရီးအတွက် ယင်း၏ ဘာဘာ ဦးချင်းအောင်၊ ဝရီးတော် စပ်သူ ဦးမြအောင်၊ ယောက္ခမ ကျော်လှအောင်၊ ဝါကြီးချေ(ငယ်) ဦးလှထွန်းရီရို့နန့်အတူ ခေါင်းလောင်းကြီးကို မဟာမုနိဖရကုန်းတော်၌ မြှုပ်နှံဝှက်ထားခကြောင်း၊ ကွယ်လွန်လားခရေ လူကြီးတိက ဆက်ပနာထိန်းသိမ်းရန် ၎င်းအားမှာကြားခ‌ရေအတွက်နန့် ဇာသူ့ကိုမျှ ပြောမပြဘဲ ထိန်းသိမ်းထားခခြင်းဖြစ်ကြောင်း ဦးထွန်းအောင်က ပြောကြားခရေ ယတြာခေါင်းလောင်းကြီးအား မဟာမုနိကုန်းတော်ထက်၌ မြှုပ်နှံထားခပြီးကေ ဖဆပလပါတီခေတ်တွင် ဖဆပလပါတီက ခေါင်းလောင်းလာယှာရေအခါ ခေါင်းလောင်းဟိရေနီရာကို ပြောနှိုင်ပါက တိုက် ၁ လုံး၊ ကား ၁ စီးပီးအပ်ဖို့ ကမ်းလှမ်းခကေလေ့ ဦးထွန်းအောင်က ဖွင့်မပြောခလို့ဆိုရေ။

၁၉၇၉ ခုနှစ် ပါတီကောင်စီခေတ်တွင်လည်း မဟာမုနိဂေါပကအဖွဲ့ကို အဖွဲ့ဝင် ၁၈ ဦးနန့်ဖွဲ့စည်းရာ ဦးထွန်းအောင်စွာ အဖွဲ့၏ အတွင်းမာရီးမှူးအဖြစ်ပါဝင်ခရာ ဘဏ္ဍာရီးမှူးဖြစ်သူ တိရစ္ဆာန်ဒက်တင်မောင်ဇံလှစွာ ရန်ကုန်မှဝန်ကြီးတိနန့်ပူးပေါင်းပြီး ခေါင်းလောင်းရဟိရီးအတွက် သူ့အား နည်းမျိုးစုံနန့် ချဉ်းကပ်ကြိုးပမ်းခကေလေ့ ဖွင့်မပြောခကြောင်း ဦးထွန်းအောင်က ပြောရေ။

ယင်းအပြင် အလံနီပါတီခေတ်၊ စစ်တပ်ထောက်လှမ်းရီးခေတ်ရို့တွင်လည်း ခေါင်းလောင်းဟိရေနီရာကို ပြောပြဖို့ သူ့အား ဖိအားပီးပနာ အမျိုးမျိုးစစ်ဆီးမီးမြန်းခပြီးကေ ဖွင့်မပြော‌ရေအတွက်နန့် နောက်ဆုံး၌ သူ့ကို ဂေါပကအဖွဲ့မှ ထုတ်ပယ်ပစ်ခရေလို့ ဦးထွန်းအောင်က ဆိုပါရေ။

မဟာမုနိဘုန်းကြီးကျောင်း တိုးချဲ့ ဆောက်လုပ်ရာမှာ လူတစုက ယတြာခေါင်း လောင်း မြှုပ်နှံထားရေနီရာကို မြင်တွိ ကတ်လှာမှု၊ ဦးထွန်းအောင်မှအသက် ကြီးလှာပနာ နီမကောင်းဖြစ်လှာမှုနန့် အာရက္ခပြည်သူ့အစိုးရအပေါ် ယုံကြေစိတ်ချရမှုစရေ အကြောင်းတိကြောင့် အာရက္ခတပ်တော်သို့ အပ်နှံခခြင်းဖြစ်ကြောင်း ဦးထွန်းအောင်က ပြောဆိုရေ။

ရက္ခိုင်ပြည်အတွက် အရီးကြီးရေ ရှီးဟောင်းသမိုင်းဝင်အမွီအနှစ် ယတြာခေါင်းလောင်းအား ဇာသူ့ကိုမျှ မပြောပြဘဲ နှစ်ပေါင်း ၆၀ ကျော်ကြာ နှုတ်ပိတ်ထိန်းသိမ်းနီထိုင်ခပြီးကေ အာရက္ခပြည်ကို သိမ်းပိုက်အုပ်ချုပ်ပြီး ပြည်သူ့ယုံကြေမှုရထားရေ အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရထံ အပ်နှံခရပြီးကေ ကကောင်းတရာဝမ်းသာဂုဏ်ယူပါကြောင်းလည်း ဦးထွန်းအောင်က ဆိုရေ။

ရှီးဟောင်းသမိုင်းဝင် ယတြာခေါင်း လောင်း အပ်နှံ‌ရေအတွက် အာရက္ခပြည်သူ့တော်လှန်ရီး အစိုးရကလည်း ဦးထွန်းအောင်အား ကျပ်ငွီ သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခပြီး ယင့်ငွီတိအား မဟာမုနိဘုန်းကြီးကျောင်းဆောင် ပြီးယောင် လှူဒါန်းဖို့လို့ သူကဆိုပါရေ။

နိုင်ငံတော်ကာကွယ်ရီးနန့် စစ်ရီးအတွက် အထူး အရီးပါလှသော ယင့်ယတြာခေါင်း လောင်းအား မြုပ်နှံဝှက်ထားရေနီရာကို သိဟိသူမှာအသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်ဖြစ်ပြီးကေ သူမှအာရက္ခပြည်သူ့တော်လှန်ရီးအစိုးရထံ တင်ပြချက်အရ တာဝန်ဟိသူတိမှ ညွှန်ကြား တူးဖော်ရာ နှစ်ပေါင်းများစွာကြာ ပျောက်ဆုံးနီခသော ရက္ခိုင်လူမျိုးရို့၏ ယတြာခေါင်းလောင်းအား လွန်ခရေ ၂၀၂၅ - ခုနှစ် ဂျူလိုင်လ ၃-ရက်နိတွင် ပြန်ပနာတူးဖော်ရဟိခရေလို့သိရရေ။ လက်ဟိတွိ့ဟိခရေ ခေါင်းလောင်းရေ ရက္ခိုင့်သမိုင်းထဲက ပျောက်ဆုံးနီရေ နာမည်ကြီးယတြာခေါင်းလောင်းဖြစ်ကြောင်း ရက္ခိုင်ရှီးဟောင်း သုတေသန ပညာသျှင် တဦးက သုတေသနပြုလုပ်ပနာ နနောင်းအတည်ပြုထားရေ။

မူလနီရာရေ ကုလားတန်မြစ်နားဖက် တနီရာရှိ ဥဿလင်းကုန်းတော်နန့် ဥဿလင်းစာတီစွာ ခေါင်းလောင်းမူလတည်ဟိရေနီရာ ဖြစ်ကြောင်းလည်း သိရရေ။ လက်ဟိတွင် မြောက်ဦးမြို့တွင် တည်ဟိပါရေ။

ဒေယတြာခေါင်းလောင်းရေ မဟာမုနိကုန်းတော်၌ဟိခကြောင်း မဟာမုနိဘုရားနန့်ယတြာခေါင်းလောင်းနာမည်တပ်ပနာ ဓာတ်ပုံနန့်တကွဖော်ပြခသူမာ ဆွဇ်လူမျိုး ရှီးဟောင်းသုတေသန ပညာသျှင် Dr. Emmanuel Forchhammer (1851-1890)ပင် ဖြစ်တေ။

ယင်းနည်းပိုင် ၁၉၅၇ ခုနှစ်က ပုံနှိပ်ထုတ်ဝီခရေ Mr. R.B Smart ၏ Burma Gazetteer, Akyab District, Volume A တွင်လည်း မဟာမုနိဘုရားကုန်း၏ အရှိမြောက်ဖက်၌ ယတြာခေါင်းလောင်းဟိကြောင်း ရီးသားထားခရေလို့သိရရေ။ ယတြာခေါင်းလောင်းနန့် ပတ်သက်ပနာ သပ္ပဒါနပကာရဏကျမ်းတွင် "အရှိ အနောက် တောင် မြောက် ပြည်ရွာ မင်းတိုင်းရို့ကို တထိန့်ထိန့် တလန့်လန့် ပြိုပျက်စီလိုမူကား၊ ကုလားတန်ဖက်ကို ဇာတီမုခ်လေးဝနန့် တည်လေ။ ယတြာခေါင်းလောင်းကိုလေ့ အရှိမုခ်ဝတွင်ဆွဲပနာတီး၊ အရှိတိုင်းပြည်ရို့စွာ တထိန့်လန့်လန့်ပြိုပျက်လီ၏"လို့ ဖော်ပြထားရေလို့သိရရေ။[]

  1. https://www.facebook.com/narinjara.info