ရခိုင်ကာရံများ
- အောင်ကြောင်းမယေမင်္ဂလံ၊ အောင်ဆုပန်ကေ၊ အောင်သံညောင်းညောင်း၊ အောင်ပါစီဟု၊ ညောင်ရီလောင်းလို့၊ ဆုတောင်းပဌနာ၊ အဖန်ဖန်လေ၊ မှန်ယူလျှင်၊ ပြုပြီးခါဝယ်၊ မြတ်စွာဗုဒ္ဓ၊ အတုလံကေ၊ သမ္ဗုဒ္ဓနှင့်၊ ဓမ္မသံဃာ၊ မြတ်ဆရာလေ၊ မာတာပီတ၊ ဂုဏ်ကဲလွန်ကေ၊ အနန္ဒကို၊ ကာယဝဇီ၊ မနောချီကေ၊ သုံးလီဒွါရ၊ ကံသုံးဖြာလေ၊ ပဏာမဖြင့်၊ ညွတ်ခရိုကျိုး၊ လက်ဆယ်ဖြာကို၊ ထိပ်မှာမိုးလို့၊ ရှိခိုးဦးချ၊ ကြိမ်ဖန်ဖန်ဖြင့်၊ ကျွန်ယ္ခုကေ၊ ပြုပြီးမှလျှင်၊ သူရဿတီ၊ လှဆင်းညီကေ၊ ဒေဝီရတနာ၊ ကျွန်ုပ်မှာတွင်၊ တည်ပါစီကြောင်း၊ အဓိဌာန်နှင့်၊ ဆုမွန်ကောင်းမှ၊ ရှိဟောင်းပီစာ၊ ကျမ်းအလာကို၊ ယူကာညှိနှိုင်း၊ မြို့ညာကို၊ ပတ်ခါဝိုင်းသည်၊ သမိုင်းစဉ်လာ၊ နိဂုဏ်းရွာကို၊ ပြရာအခဏ်း၊ နောက်တဖြာ၌၊ ထပ်ခါညွှန်းသော်၊ ရွှေနန်းတည်ရာ၊ မြို့ ညောငယ်၊ စန္ဒာသူရိယ၊ ဘုန်းတောက်ထိန်ကေ၊ ရာဇိန္ဒနှင့်၊ ဗုဒ္ဓမြတ်စွာ၊ ဘဂဝါရို့၊ မဟာမုနိ၊ ခြောက်သွယ်ရောင်ဖြင့်၊ ပြောင်ပြောင်ညီး၍၊ သောင်းထီးကျော်လှန်း၊ မြတ်ဘုန်းမော်လေ၊ ကိုယ်တော်ရုပ်ကို၊ သွန်းလုပ်ခန်းနှင့်၊ မြို့နန်းဖြာဖြာ၊ တည်ထောင်ရာတွင်၊ ရှည်ကြာသက်တမ်း၊ အတန်တန်ကို၊ ကာရန်ဆန်းနှင့်၊ ညွန်းကာခုဝယ်၊ နောက်နောင်လာကို၊ သိပါရအောင်၊ ပြလိုက်မည်လေး။
- "မိုးထမှုံရီ၊ နှင်းဝီဝီနှင့်၊ စုံလီဖြူးဖြူး၊ တကျော်ကျော်နှင့်၊ ငှက်တော်ကျူးကေ၊ ရက်ဦးမင်္ဂလာ၊ ချိန်အခါတွင် "မိုးထမှုံရီ၊ နှင်းဝီဝီနှင့်၊ စုံလီဖြူးဖြူး” ဤအပိုဒ်တွင် (ရီ၊ ပီ၊ လီ) ကို ကာရံယူထားသည်ကို တွိရပါလိမ့်မည်။ မြန်မာမှုပြုလျှင် "မိုးထမှုံရေ၊ နှင်းဝနှင့်၊ စုံလေဖြူးဖြူး” ဟု ရသည်။ မြန်မာတွင်လည်း (မှုံရေ) ဟုမဟိပါ (ပုံရိပိုးတ၀ါး) စသဖြင့် (မှုံရီ) ဟုရာ ဟိပါသည်။ ၄င်းကို အဓမ္မမြန်မာမှုပြုပါက (မိုးထမှုံရေ) ဟုဖြစ်လားပါသဖြင့် အဓိပ္ပါယ်ကင်းမဲ့လားပါသည်။ ထို့ကြောင့် ဤကာရံများမှာ မြန်မာမူပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။ "ရွက်ဟောင်းလည်းကြီ၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝီလို့၊ အနီအဝါ၊ ပန်းများစွာလည်း၊ မုံကာပွင့်ဖူး၊ သင်းပျံ့ကြိုင်ကေ၊ ဂနိုင်ဦးမှာ၊ ပျော်မြူးဝဲပျံ၊ ကျီးငှက်သံဖြင့်၊ ညိုးညံချိုမြ၊ တောဂနိုင်လေ၊ မြိုင်အလှကို၊ ဝဝရှုကာ၊ တတောဝင်ကေ၊ တပြင်သန်းလို့၊ လှမ်းလတ်ပါသော်က “ရွက်ဟောင်းလည်းကြံ့၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝီလို့၊ အနီအဝါ” ဤအပိုဒ်တွင်လည်း (ကြွီ) (ပီ) (နီ) ကို ကာရံယူထားသဖြင့် မြန်မာမှုပြုလျှင် ”ရွက်ဟောင်းလည်းကြွေ၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝေလို့၊ အနေအဝါ” ဟုရပါသည်။ မြန်မာတွင်လည်း (အနေအင်္ဂါ) ဟုမဟိပါ။ (အနီအ၀ါ) ဟုရာဟိပါသည်။ ထို့ကြောင့် ဤကာရံမှာလည်း မြန်မာမှုပြုမရသော ရခိုင်ကာရံစစ်စစ်ဖြစ်ပါသည်။
"သနားတုံပြီး၊ ကြောင်းထိုထိုကို၊ သိလိုခြင်းနှင့်၊ သတင်းမီးလို့" ဤအပိုဒ်တွင်လည်း (ပြီး) နှင့် (မီး) ကို ကာရံယူထားပါသည်။ ၎င်းကို မြန်မာမှုပြုမည်ဆိုပါက "သနားတုံပြေး၊ ကြောင်းထိုထိုကို၊ သိလိုခြင်းနှင့်၊ သတင်းမေးလို့” ဟု ရပါသည်။ မြန်မာတွင်လည်း (စားပြီး) (သောက်ပြီး) ဟုရာ ဟိပါသည်။ (စားပြေး၊ သောက်ပြေး) ဟု မဟိပါ။ ထို့ကြောင့် (သနားတုံပြေး) ဆိုသည်မှာ လုံး၀အဓိပ္ပါယ်မဟိပါ။ ထို့ကြောင့် ဤကာရံသည်လည်း မြန်မာမှုပြုမရသော ရခိုင်ကာရံဖြစ်ပါသည်။
ထို့ကြောင့် (မေး) ဆိုသည်မှာ ရခိုင်စာမဟုတ်ပါ။ မြန်မာစာ၊ မြန်မာစကားဖြစ်ပါသည်။ စာရွီးသောအခါ (မေးမြန်းသည်၊ သတင်းမေးသည်) ဟု ရွီးနီကတ်ပြီ မြန်မာစာကို ရခိုင်စာဟု အသျှင်ခံနီကတ်သည်များမှာ ရခိုင်သား၏၀မ်းတွင်းပါ ကာလနာဖြစ်ပါသည်။ နောက် အပိုဒ် (၃) (၄) (၅) စသည်ဖြင့် ကျန်အပိုဒ်များ၌ ကျန်ဟိနီသော မြန်မာမှုပြုမရသောကာရံများကို တခုချင်း တပိုဒ်ချင်းဖော်ပြလားပါမည်။
- တောင်ကျွန်းမယေဒီပါ၊ မဟီချာမှာ၊ စီကာလှပ၊ မြရိပ်မြိုင်နှင့်၊ တောင်စဉ်ဝိုင်းကေ၊ တိုင်းရက္ခတွင်၊ စန္ဒသုဓမ္မ၊ မည်တွင်ခေါ်၍၊ ဘွဲ့တော်ရကေ၊ မင်းလှဘုန်းကြွယ်၊ နတ်မြို့ ဟန်သို့၊ အလွန်ထူးကေ၊ မြောက်ဦးပြည်တွင်၊ ဂုဏ်ရည်မညိုး၊ လက်ရုံးထောင်ကေ၊ အခေါင်မိုးလို့၊ စိုးသည့်အခါ၊ များစည်းစိမ်နှင့်၊ ပြည့်ညီလတ်၊ ဘောင်းဒွတ်ရွာက၊ သညာနာမ၊ ပန်းဖြူအောင်နှင့်၊ မောင်ထွန်းမြဟု၊ လှပတင့်တယ်၊ သက်နှစ်ဆယ်ကေ၊ အရွယ်တူမြောက်၊ လုလင်ပျိုလေ၊ ထိုနှစ်ယောက်မှာ၊ ဘုန်းတောက်ပေါ်ထင်၊ မုနိသျှင်ကို၊ ဖူးမြင်လိုလှ၊ တိုင်ပင်ခံကေ၊ အကြံမျှလို့၊ မိဘအထံ၊ လားရင်လိုသည်၊ ထိုအကြောင်းကို၊ ခွင့်တောင်းပန်၍၊ လျှင်မြန်ဆွဆွ၊ ဝတ်စားယင်၍၊ ဆင်ပြီးမှလျှင်၊ မိုးထမှုံရီ၊ နှင်းဝီဝီနှင့်၊ စုံလီဖြူးဖြူး၊ တကျော်ကျော်နှင့်၊ ငှက်တော်ကျူးကေ၊ ရက်ဦးမင်္ဂလာ၊ ချိန်အခါတွင်၊ နှစ်ဖြာတူကွ၊ မိမာတာနှင့်၊ ပီတာဖကို၊ ဦးချပြီးသော်၊ ဓညမည်ကေ၊ မြို့ ဒေသကို၊ မှန်းဆမျှော်လို့၊ ပျော်ပျော်ပါးပါး၊ ရှီဇင်္ခါလေ၊ မဂ္ဂါလမ်းကို၊ လှမ်းလို့လားသော်၊ များပြားလှစွာ၊ ကျေးလက်ရွာကို၊ လွန်ကာကျော်မြောက်၊ ရိပ်မြိုင်မြိုင်နှင့်၊ ဂနိုင်တန်းမှာ၊ စခန်းထောက်လို့၊ ရှိနောက်ဘယ်ညာ၊ ကြည့်သောခါတွင်၊ စီကာညွတ်ပျောင်း၊ များစုံလင်ကေ၊ သစ်ပင်ပေါင်းမှာ၊ ရွက်ဟောင်းလည်းကြီ၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝီလို့၊ အနီအဝါ၊ ပန်းများစွာလည်း၊ ပုံကာပွင့်ဖူး၊ သင်းပျံ့ကြိုင်ကေ၊ ဂနိုင်ဦးမှာ၊ ပျော်မြူးဝဲပျံ၊ ကျီးငှက်သံဖြင့်၊ ညိုးညံချိုမြ၊ တောဂနိုင်လေ၊ မြိုင်အလှကို၊ ဝဝရှုကာ၊ တတောဝင်ကေ၊ တပြင်သန်းလို့၊ လှမ်းလတ်ပါသော်၊ သာယာလှပ၊ ဇီးချောင်းရွာလေ၊ ရပ်ဂါမကို၊ ရောက်ကြတုံလျှက်၊ မြပြိုင်ညောင်နှင့်၊ ကံဘောင်ထက်မှာ၊ တန့်လျက်တူညီ၊ ထိုင်လို့နီကေ၊ ထိုသည်အခါ၊ သာမောစည်၍၊ ပျော်ဘွယ်ကောင်းကေ၊ ဇီးချောင်းရွာက၊ ကလျာရူပ၊ သိန်းကျော့ဝေနှင့်၊ မငွေလှရို့ ၊ လျှင်ဆွမကြာ၊ ရီကန်သာကို၊ လှမ်းလာဆတ်ဆတ်၊ ညချမ်းနီမှာ၊ သောက်ရီခပ်၍၊ တက်လတ်ကာလ၊ ပန်းဖြူအောင်လေ၊ ပျိုမောင်ထွားမှာ၊ စကားစလို့၊ မြွက်ဟခြင်းရာ၊ မောင်ရို့ မှာကေ၊ ပြည်ရွာညွန့်ဖူး၊ ထီးနန်းဆောင်ဖြင့်၊ ထွန်းပြောင်တောက်က၊ မြို့မြောက်ဦးက၊ သုံးလူ့ထိပ်ပန်၊ ကိုယ်စားမွန်ကို၊ ဖူးရန်စိတ်ဟိ၊ ဒေရပ်ရွာကို၊ ရောက်လာဘီလည်း၊ အသိမိတ်ဆွေ၊ မဟိပေကေ၊ နှမအိမ်မှာ၊ တညည့်တာကို၊ တည်းပါစီရန်၊ လှတင့်တယ်လေ၊ ပျိုမေနှောင်းကို၊ မောင်တောင်းပန်ဟု၊ ဆိုပြန်တုံငြား၊ သိန်းကျော့ဝေလေ၊ ပျိုမေကြားက၊ စကားသာယာ၊ မောင်လူပျိုကို၊ နှုတ်ချိုပျားနှင့်၊ ပြောကြားရာကား၊ မဟာမုနိ၊ မြတ်ဘုန်းမိုကို၊ ဖူးလိုဘိ၍၊ ခရီးထွက်ခါ၊ မေရို့ ရွာသို့၊ ရောက်လာတုံရ၊ သိမိတ်ဆွေလေ၊ ကတန္တိလျှင်၊ မဟိကြသော်၊ ချမ်းမြရိပ်ငြိမ်၊ မေမြို့ အိမ်မှာ၊ တည်းမှီဖို့ရာ၊ ယခုပင်လျှင်၊ မှန်စင်စစ်ကေ၊ လိုက်လတ်ပါဟု၊ ခေါ်ကာသူထ၊ တူမကွာဘဲ၊ လိုက်လာကြသော်၊ မွီးဖမိခင်၊ ဝီးကပင်လျှင်၊ ရှုမြင်တုံငြား၊ သားပမာကေ၊ မိတ္တာပွား၍၊ သနားတုံပြီး၊ ကြောင်းထိုထိုကို၊ သိလိုခြင်းနှင့်၊ သတင်းမီးလို့၊ သိပြီးတုံမြောက်၊ ရွယ်နုပျိုကေ၊ ထိုနှစ်ယောက်အား၊ စားသောက်စရာ၊ ဟင်းမိစ္ဆာနှင့်၊ ညစာထမင်း၊ မေလျှင်နီကေ၊ အိမ်အတွင်းမှာ၊ တည်ခင်းပြီးသော်၊ ရှိပြုပ္ပါလေ၊ ဥဒေစွန်းက၊ လဝန်းပေါ်ရေ။
- “ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြပီပီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗူဒီမှာ၊ သည်ဝေါဟာ၊ ထောပနာနှင့်၊ ဩဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သီရိချောင်းတွင်” (မြီ) (ပြီ) (ဝီ) (ဒီ) (ညိ) ကာရံယူထားသည်ကို တွိရပါသည်။ ဤအပိုဒ်ကို မြန်မာမှုပြုလျှင် “ကျွန်းဦးပြေမှာ၊ သပြေခလို့၊ ရောင်ပြပေ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗူဒေမှာ၊ သည်ေါဟာ” ဆိုပြီးကေ ရပါသည်။ “သညာပါဟာ” ဆိုသည်မှာ ကကောင်းရယ်ဖို့ ကောင်းပါသည် “ပထွန်းကျက်သရီ၊ လှဆန်းညီကေ၊ အိမ်ခြံများစွာ၊ လီညင်းသွန်၍၊ ပျော်ရန်ကောင်းကေ၊ ဇီးချောင်းရွာက" (ရီ) (ညိ) (ခြီ) ကာရံယူထားသည်ကို တွိရပါသည်။ ဤအပိုဒ်ကို မြန်မာမှုပြုလျှင် "ပထွန်းကျက်သရေ၊ လှဆန်းညေကာ၊ အိမ်ခြေများစွာ၊ လေညှင်းသွန်၍၊ ပျော်ရန်ကောင်းဘိ၊ ဇီးချောင်းရွာ" ဟု ရပါသည်။ မြန်မာတွင်လည်း "ညီညာသည်” ဟုရာဟိပါသည်။ “ညညာသည်" ဟု မဟိပါ။ ထို့ကြောင့် "လှဆန်းညေ" ဆိုသည်မှာ ရယ်စရာဟာသဖြစ်ပါသည်။ “မကြာထုတ်ချောက်၊ မောင်သက်ပီမှာ၊ လှမ်းချီရောက်က၊ တထောက်နားကာ(ဝီ) (ချီ) ကာရံယူထားသည်ကို တွိရပါသည်။ ဤအပိုဒ်ကို မြန်မာမှုပြုလျှင် “မကြာထုတ်ချောက်၊ မောင်သက်ဝေမှာ၊ လှမ်းချေရောက်က၊ တထောက်နားကာ” ဟု ရပါသည်။ မြန်မာတွင်လည်း "လှမ်းချီသည်” "ချီတက်သည်” စသည်ဖြင့်ရာ ဟိပါသည်။ “လှမ်းချေသည်" ဟူ၍ မဟိပါ။ “သိချင်လို၍၊ ရှိကိုလားသော်၊ ထူးခြားသာလွန်၊ ဥယျာဉ်ခြံနှင့်၊ သီးနှံမျိုးမျိုး၊ တူးဆွလှန်ကေ၊ ပေါက်ထွန်တိုးလို့” (သိ) နှင့် (ရှိ) ကို ကာရံယူထားပါသည်။ မြန်မာမှုပြုမည်ဆိုလျှင် “သေ့ချင်လို၍၊ ရှေ့ကိုသွားသော်၊ ထူးခြားသာလွန်၊ ဥယျာဉ်ခြံနှင့်၊ သီးနှံမျိုးမျိုး၊ တူးဆွလှန်ကေ၊ ပေါက်ထွန်တိုးလို့” ဟု ရပါသည်။ မြန်မာစာတွင်လည်း “သေ့သည်” ဟူ၍ မဟိပါ။ “သိသည်” ဟူ၍ရာ ဟိပါသည်။ တချို့ အပိုဒ်တွင် "ကျက်သရီ" တချို့ အပိုဒ်တွင် "ကျက်သရေ” စသည်ဖြင့် ဝိပါဒကွဲလွဲချက်များဟိသည်။ “ကျက်သရီ" လား “ကြက်သရေ လား “ကျက်သရေ" လားဆိုသည်ကို သုတေသနပြုရန်လိုအပ်သည်။ အများနားလည်အောင် မြန်မာများလည်းဖတ်လို့ရအောင် အကြောင်းပြချက်ဖြင့် ရခိုင်စာကို မြန်မာမှုပြုချင်ပါရေလား။ ဂေါင်းအီးအီးထား စဉ်းစားသင့်သည်။ ဆီဆွတ်ပါးဖြင့် ရခိုင်စာပီကို မဖျက်ဆီးသင့်ပါ။ မြန်မာစာကို မြန်မာများက မြန်မာအတိုင်းရွီး၍ ရခိုင်များနားလည်းနိုင်လျှင် ပဇာအတွက်ကြောင့် ရခိုင်စာကို ရခိုင်အတိုင်းရွှီး၍ မြန်မာများက နားမလည်နိုင်ဖြစ်ရပါမည်နည်း။
- လဝန်းပေါ်ကေ၊ ထိုရော်ကာလ၊ သိန်းကျော့နှင့်၊ မငွေလှရို့ ၊ တူကွမကွာ၊ ဆီးကွမ်းယာကို၊ လှမ်းကာပြီးမြောက်၊ မောင်လူပျိုလေ၊ ထိုနှစ်ယောက်မှာ၊ စားသောက်ပြီးကေ၊ ကြောင်းများဖျင်ကို၊ သိချင်ရီးနှင့်၊ မီးလတ်တေကား၊ ရွှေပြည်အောင်နန်း၊ ကြငှန်းထူကေ၊ ထီးဖြူရွန်းလို့၊ မင်းခဏ်းတန်တန်၊ စည်တော်သံဖြင့်၊ ဆူညံဟိလတ်၊ ဓညခေါ်ကေ၊ မြို့တော်မြတ်ကို၊ ရံပတ်ဝိုင်းကာ၊ နိဂုဏ်းရွာ၏၊ သညာနာမ၊ တွင်ခေါ်ပုံလျှင်၊ ဟူသမျှကို၊ နှမကညာ၊ သိတုံပြန်သော်၊ မကျန်ရယောင်၊ ပြောပြပါဟု၊ ထိုခါကာလ၊ သိန်းကျော့ဝေကေ၊ မေအလှက၊ မောင်လှတင့်တယ်၊ မပြောဆိုကေ၊ ထိုစကားကို၊ ထောင်နားတည်ပါ၊ ပြန့်ကျယ်စွာလှ၊ ကျွန်းဦးမြီမှာ၊ သပြီမလို့၊ ရောင်မြဝီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗူဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ ဩဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သီရိချောင်းတွင်၊ မင်းကောင်းကြိမ်ဖန်၊ ဗဟိုညံ၍၊ စည်သံရိုက်ဟီး၊ ရွှေနန်းဆောင်ဖြင့်၊ ပြောင်ပြောင်ညီးကေ၊ ပြိုကြီးညာ၊ အောင်ချာချက်မှာ၊ ဒိသာနောက်ယွန်း၊ ကျီးငှက်သံဖြင့်၊ ညိုးညံညောင်းကေ၊ ဇီးချောင်းကမ်းတွင်၊ ပထွန်းကျက်သရီ၊ လှဆန်းညီကေ၊ အိမ်ခြံများစွာ၊ လီညင်းသွန်၍၊ ပျော်ရန်ကောင်းကေ၊ ဇီးချောင်းရွာက မကွာပီးမြောက်၊ သံကျော်ကျော်ဖြင့်၊ တခေါ်လောက်တွင်၊ ရှိနောက်တည့်ခါ၊ သီရိမာ၏။ ဒိသာနောက်ကမ်း၊ နတ်ရို့ ရွာနှင့်၊ ပမာညွှန်းကေ၊ ကြောင်းလမ်းဇခါ၊ ဘယ်နှင့်ညာမှာ၊ သွယ်ကာစီတန်း၊ အဝေယာလေ၊ နော်ဇာပန်းကေ၊ ဒန်းထပ်တရာ၊ ဇီသဝါရို့ ၊ အခါမလပ်၊ ပွင့်ဟောင်းလွန်၍၊ ပုံဟန်ရင့်ကေ၊ ပွင့်သစ်ထပ်လို့၊ ခိုင်ညွတ်ဖြူဝါ၊ ပန်းနံ့ကြိုင်၍၊ ရိပ်မြိုင်ကောင်းကေ၊ ပုန်းချောင်းရွာကို၊ မကြာထုတ်ချောက်၊ မောင်သက်ဝီမှာ၊ လှမ်းချီရောက်က၊ တထောက်နားကာ၊ ထိုသည့်ရွာမှ၊ အရာတဖန်၊ နောက်ရပ်ထံသို့၊ ခေါ်သံတကြား၊ သိချင်လို၍၊ ရှိကိုလားသော်၊ ထူးခြားသာလွန်၊ ဥယျာဉ်ခြံနှင့်၊ သီးနှံမျိုးမျိုး၊ တူးဆွလှန်ကေ၊ ပေါက်ထွန်တိုးလို့၊ စိုက်ပျိုးကြအင်၊ ပွင့်ဖူးဆင်၍၊ အောင်မြင်ဖြစ်ထွန်း၊ ကွင်းပြင်ကျယ်မှာ၊ မြသည်ရွန်းသို့၊ စိမ်းလမ်းစိုပြေ၊ ကျက်သရေနှင့်၊ တင့်ပေတုံလတ်၊ လုပ်တိုင်းအောင်ကေ၊ ဒေါင်းဒေါင်ရပ်ကို၊ မချွတ်မသွေ၊ မပန်းခင်ပင်၊ မြင်ကာတွိကေ၊ ရောက်လိမ့်မည်လေး။
- "လှည့်ကာပတ်ဝန်း၊ ကြည့်ပြီးကေလျှင်၊ ရွာလယ်လမ်းက၊ ဖြောင့်တန်းမှန်စွာ၊ တောင်ဒိသာသို့၊ လှမ်းလာပြန်က၊ ဥဿပကေ၊ နွားလှနှစ်ထွန်၊ ခရီးစွန်တွင်၊ ဝင်းခြံပြိုင်းပြိုင်း၊ တဆိုင်းဆိုင်းနှင့်၊ တံတိုင်းပမာ၊ ရံဝိုင်းကာ၍၊ များစွာအိမ်ခြံ၊ ပြည့်ဝှန်းစီကေ၊ ဆန်ရီစပါး၊ ဝတ်အထည်ကေ၊ ရွှီငွေများနှင့်” ဤအပိုဒ်တွင် “များစွာအိမ်ခြံ၊ ပြည့်ဝှန်းစီကေ၊ ဆန်ရီစပါး" (ခြီ) (စီ) (ရီ) ကို ကာရံယူထားသည်ကို တွိရပါသည်။ ၄င်းအပိုဒ်ကို မြန်မာမှုပြုလျှင် “များစွာအိမ်ခြေ၊ ပြည့်လှန်းစေကာ၊ ဆန်ရေစပါး” ဟု ရပါသည်။ မြန်မာတွင်လည်း (စီသည်။ စီတန်းသည်။ တန်းစီသည်) ဟူ၍ရာ ဟိပါသည်။ (စေတန်းသည်။ တန်းစေသည်) ဟုမဟိပါ။ ထို့ကြောင့် (ပြည့်ပုန်းစေသည်) ဆိုသည်မှာ လုံး၀အဓိပ္ပါယ်မဟိပါ။ ထို့ကြောင့် ဤကာရံသည်လည်း မြန်မာမှုပြုမရသော ရခိုင်ကာရံစစ်စစ်ဖြစ်ပါသည်။ (အိမ်ခြံ၊ ဆန်ရီစပါး) ဆိုသည်မှာ ရခိုင်စကား၊ ရခိုင်စာ၊ ရခိုင်ဂေါဟာရစစ်စစ်ဖြစ်ပါသည်။ (ဆန်ရေစပါး) ဟု ရွီးပြီး မြန်မာစာကို ရခိုင်စာဟု အသျှင်မခံသင်ပေ။
- ရောက်လတ်ပြန်ကေ၊ ပျော်ရန်ကောင်းခြင်း၊ လောကဓံမှာ၊ ပြိုင်စံကင်းအောင်၊ သန့်ယှင်းသာယာ၊ ဒေါင်းဒေါင်ရွာကို၊ လှည့်ကာပတ်ငန်း၊ ကြည့်ပြီးကေလျှင်၊ ရွာလယ်လမ်းက၊ ဖြောင့်တန်းမှန်စွာ၊ တောင်ဒိသာသို့၊ လှမ်းလာပြန်က၊ ဥဿပကေ၊ နွားလှနှစ်ထွန်၊ ခရီးစွန်တွင်၊ ဝင်းခြံပြိုင်းပြိုင်း၊ တဆိုင်းဆိုင်းနှင့်၊ တံတိုင်းပမာ၊ ရံဝိုင်းကာ၍၊ များစွာအိမ်ခြံ၊ ပြည့်ဝှန်းစီကေ၊ ဆန်ရီစပါး၊ ဝတ်အထည်ကေ၊ ရွှီငွေများနှင့်၊ ကျော်ကြားလူ့ခွင်၊ လွန်စည်ပင်၍၊ လိုအင်ပြည့်ငြား၊ ကြီးငယ်ဟူကေ၊ လူအများမှာ၊ ရိုးသားဖြောင့်မှန်၊ လုပ်အကြံကို၊ အားသွန်ကြိုးပန်း၊ လုံလသန်၍၊ ဇွဲမာန်ကြွကေ၊ မယော့တန်းဖြင့်၊ လုပ်ငန်းဆောင်တာ၊ အရာရာတွင်၊ ညီညာစည်းလုံး၊ ကိုယ်ချင်းစာကေ၊ သမ္မာထုံးကို၊ နှလုံးပိုက်ခါ၊ မကောင်းရာကို၊ ပယ်ခါစွန့်ထား၊ ကောင်းစီရန်လေ၊ ညွှန်စကားကို၊ နားထောင်နာယူ၊ တယောက်လူတွင်၊ အပူရောက်က၊ တရွာသူမှာ၊ ဝိုင်းကူကြလို့၊ ဖေးမကယ်တင်၊ လူတိုင်းပင်လျှင်၊ ကြည်လင်နှလုံး၊ ရှီအဟော်က၊ သူတော်ထုံးကြောင့်၊ ရွာလုံးစုံစွာ၊ ရတနာဖြင့်၊ ချမ်းသာကြွယ်ဝ၊ သာသနာမှာ၊ ရောင်ဝါပလို့၊ ဖက်မျှမမြင်၊ ဖော်သဟာရို့ ၊ ပျော်ရာကောင်းကေ၊ အဒေါင်းပြင်ဟု၊ သောင်းခွင်ကျော်ညာ၊ ထိုသည်ရွာကို၊ ရောက်ပါလတ်သော်၊ ကုန်းထိပ်ပေါ်တွင်၊ ရောင်တော်ထိန်လျှပ်၊ မွေသရီလေ၊ စေတီမြတ်သို့၊ ချည်းကပ်ပြီးလျှင်၊ လက်နှစ်ပြင်ကို၊ ထိပ်တွင်ချီမိုး၊ ခါသုံးကြိမ်ဖြင့်၊ ဦးနှိမ်ကျိုးလို့၊ ရှိခိုးပြီးခါ၊ ရပ်ပြုပ္ပါသို့၊ ဖြောင့်စွာတန်းတန်း၊ ဝါးပြန်တာဖြင့်၊ သျှစ်ရာခန်းကို၊ ချီလှမ်းတုံပြန်၊ စည်မောင်းညံ၍၊ ပျော်သံမတိတ်၊ လူ့ရပ်ဘုံမှာ၊ ဂုဏ်တံဆိပ်နှင့်၊ ပုဏ္ဏရိပ်ရွာမ၊ ခေါ်တွင်ပေကေ၊ ရပ်ဒေသကို ရောက်ပါလိမ့်မည်၊ ရှိမြောက်ယံကို၊ တဖန်ထပ်လို့၊ ရှုလတ်ချေသော်၊ မသွေခြားကွာ၊ တာငါးရာတွင်၊ လွန်စွာစည်ကား၊ ရောင်းအဝယ်ဖြင့်၊ ကုန်သည်များရို့၊ ကမ်းပါးတခွင်၊ လောင်းစပ်တင်နှင့်၊ လွမ်းကြင်ထောင်ပေါင်း၊ နားခိုပြန်ကေ၊ ကုန်ဝယ်ရောင်းလို့၊ သောင်းသောင်းလည်းဆူ၊ များသျှင်လူရို့၊ ဝယ်သူမပြတ်၊ မြစ်ကမ်းပြင်မှာ၊ ထွက်ဝင်ငြားက၊ ပျားပန်းခပ်သို့၊ လှည့်ပတ်လူးလာ၊ ဤရပ်ရွာကား၊ သာယာတင့်တယ်၊ ရခိုင်ပြည်မှာ၊ ကျော်သည်ဂုဏ်ဟိတ်၊ လိုရာစုံကေ၊ ပုံရိပ်ဟု၊ တံဆိပ်နာမည်၊ တပ်ဝင်းခြံနှင့်၊ ပတ်ရံလစ်ကေ၊ ရွာသစ်တည်ဟု၊ နှမေပျိုလှ၊ သိချင်လိုကေ၊ လူပျိုချောကို၊ ပြောလို့ပြရေး။
- “များလှလူသျှင်၊ စေတီပြင်ဟု၊ ခေါ်တွင်မညီး၊ ဓညမည်ကေ၊ ပြည်တော်ဝှမ်းမှာ၊ ပန်းသို့မွှေးလို့၊ ရပ်ကြီးသာယာ၊ ဤသည်ရွာလည်း၊ ညာနိဂုဏ်း၊ ပတ်ဝိုင်းကျင်ကေ၊ ဆင်ခြီဖုန်းဟု၊ ရွှေဘုန်းသက်ပီ၊ မြဲမကွာဘဲ၊ စွဲကာထားကေ၊ မှတ်သားလီလေး" ဤအပိုဒ်တွင်လည်း “ခေါ်တွင်မညီး၊ ဓညမည်ကေ၊ ပြည်တော်ဝှမ်းမှာ၊ ပန်းသို့ မွှီးလို့၊ ရပ်ကြီးသာယာ (ညီး၊ မွှီး၊ ကြီး) ကာရံယူထားသည်ကို တွိရပါသည်။ ၄င်းကို မြန်မာမှုပြုမည်ဆိုပါက "ခေါ်တွင်မညေး၊ ဓညမည်ကေ၊ ပြည်တော်ဝှမ်းမှာ၊ ပန်းသို့မွှေးလို့၊ ရုပ်ကြေးသာယာ” ဟု ရပါသည်။ (ရပ်ကြေးသာယာ) ဟူသောစကားမှာ ဟာသဖြစ်ပါသည်။ မြန်မာစာတွင်လည်း (ကြီးသည်၊ ငယ်သည်) ဟုရာဟိပါသည်။ (ကြေးသည်၊ ငယ်သည်) ဟုမဟိပါ။ ထို့ကြောင့် ဤကာရံမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။ ဤကာရံကိုထောက်၍ (ညီး၊ မွှီး၊ ကြီး) ကို ကာရံယူထားသဖြင့် ( မွှီး ) ဆိုသည်မှာ ရခိုင်စကား၊ ရခိုင်စာ၊ ရခိုင်ဂေါဟာရဖြစ်ပါသည်။ (မွှေး) ဟုရွီးပြီး မြန်မာစာကို ရခိုင်စာဟု အသျှင်မခံသင့်ပေ။
- ပြောလို့ပြကေ၊ ထိုမှတဖန်၊ တောင်ရပ်ထံသို့၊ ဝါးပြန်ခြောက်ရာ၊ လှမ်းသောခါတွင်၊ ငါးရာအိမ်ခြံ၊ ရိပ်ဝီဝီနှင့်၊ နီလည်းမထိုး၊ ပန်းသစ်ပင်ရို့၊ ရွာတွင်မိုးလို့၊ ကျော်ဟိုးလူခွင်၊ ရတနာနှင့်၊ ဥစ္စာပေါကေ၊ ပန်းတောပြင်ကို၊ အလျှင်အမြန်၊ ရောက်လတ်ပြန်သော်၊ တဖန်ထိုမှ၊ ဒက္ခိဏသို့၊ မျှော်ကာလှည့်လျှင်၊ ကြည့်လတ်ကကေ၊ ပြန်ပို့မို့၊ စိမ်းစို့စို့နှင့်၊ မှိုင်းညို့မှုံပြာ၊ ရွာတရွာကို၊ မြင်ပါလိမ့်မည်၊ ထိုသည်ရွာ၏ မည်နာမကို၊ သိရပေအောင်၊ နှမပြောကြား၊ မှတ်သားရန်ကေ၊ ညွှန်စကားကို၊ ထောင်နားလည်းနာ၊ ဤသည်ရွာတွင်၊ ရှည်ကြာမြင့်လစ်၊ စည်ပင်ရွာကေ၊ ဝေသာခေတ်က၊ ပြေပြစ်လှစွာ၊ ပိသုကာရို့၊ ကောင်းစွာထုလုပ်၊ လက်ရာမွန်၍၊ လွန်ချောညက်ကေ၊ ကျားနက်ရုပ်ကို၊ ရွက်အုပ်ညိုမှောင်၊ မပြိုင်ညောင်နှင့်၊ ကံဘောင်ထက်မှာ၊ ဝပ်လျှက်အမှန်၊ လွဲမဖယ်ဘဲ၊ မြဲတည်ဘိကေ၊ ဟိခြင်းဟန်ကြောင့်၊ ရီကန်ကျားနက်၊ ပေါင်းစပ်ပြန်၍ နံနှစ်ချက်ကို၊ တွဲဖက်ပြီးခါ၊ ယင်းရပ်ရွာကို၊ သညာနာမ၊ ကျားနက်ကန်လေ၊ တွင်ပြန်ရဟု၊ မောင်လှကောင်းစွာ၊ မှတ်ပြီးခါဝယ်၊ ပြုပွါစူးစူး၊ လှိုင်းကြက်ခုန်ကေ၊ ယမုန်မြစ်ကို၊ စစ်စစ်ကူးလျှင်၊ ကြည်နူးစမ္ပါယ်၊ လွန်သပ္ပါယ်၍၊ တင့်တယ်ယောက်ပတ်၊ ခြောက်ရောင်ညီးကေ၊ စေတီမြတ်ကို၊ မြင်လတ်လိမ့်မည်၊ သမိုင်းမှန်နှင့်၊ တည်ဟန်များကို၊ ပြောကြားမည်ကား၊ လွန်သည်ရှိက၊ လောင်းကြက်မည်ကေ၊ ရွှီပြည်မတွင်၊ ဗလပညာ၊ ဘုန်းအာဏာနှင့်၊ ရာဇာမင်းထီး၊ နန်းရိပ်ခိုကေ၊ ထိုမင်းကြီးမှာ၊ သတ္တိပြည့်စုံ၊ ရဲစွမ်းဂုဏ်နှင့်၊ ကိုယ်ယုံမတ်လှ၊ အရာရာတွင်၊ လိမ္မာသိကေ၊ ဝိမလလျှင်၊ မိစ္ဆဌာနေ၊ သက်တိုင်းပြည်က၊ ပြန်သည်ကာလ၊ စေတီရာတွင်၊ ဗိုလ်တာဝန်းကေ၊ စခန်းချလို့၊ ခတ္တဒီဝါ၊ နားပြီးခါလျှင်၊ အောင်ရာကနက်၊ ရွှီနန်းဘုံဖြင့်၊ ဂုဏ်မချို့ ကေ၊ မြို့ လောင်းကြက်သို့၊ ချီတက်ပြီးခါ၊ များမကြာပင်၊ ပြန်လာတုံလတ်၊ အုတ်ချပ်စီကေ၊ စေတီမြတ်ကို၊ ယောက်ပတ်တင့်တယ်၊ တည်ထားပေ၍၊ မြင့်ရှည်လွန်ညောင်း၊ အလီလီကေ၊ ရာသီပြောင်းလို့၊ နှစ်ပေါင်းများစွာ၊ ကြာသောခါတွင်၊ သေနာပဓိ၊ ရဲစွန်းဂုဏ်ဖြင့်၊ ပြည့်စုံလတ်ကေ၊ မတ်ကဝိနှင့်၊ မင်းထီးဘုရင်၊ နတ်နန်းဝင်သော်၊ တဆယ်ကျော်၍၊ စွန်းပေါ်ခုနစ်၊ မင်းစောမွန်လျှင်၊ နန်းစံခေတ်တွင်၊ သက္ကရာဇ်ကောဇာ၊ ခုနစ်ရာနှင့်၊ စွန်းလာခြောက်ဆယ်၊ ရှစ်ခုဝယ်တွင် နှိပ်စက်များစွာ၊ သို့တွက်တာကြောင့်၊ ပြည်ရွာပျက်စီး၊ (---)၊ အိုးအိမ်ခွာ၍၊ ထွက်ခွါပြီးသော်၊ ပြည်ကြီးမဏ္ဍိုင်၊ ရွှီရခိုင်မှာ၊ အိမ်တိုင်နွယ်ရစ်၊ မြက်သစ်အုံ၍၊ ရှက်ခြံနောကေ၊ လယ်တောဖြစ်လို့၊ အနှစ်နှစ်ဆယ်၊ ကာလရှည်အောင်၊ ကြာပေသောခါ၊ မဇ္ဈိမာက၊ ရာဇဘုန်းသန်၊ သူရတန်လျှင်၊ ထောက်ကန်ပြီးငြား၊ သောင်းထိဝီအောင်၊ ဗိုလ်ခြံများနှင့်၊ မင်းသားစောမွန်၊ ပြည်တော်ပြန်၍၊ ရန်ကိုနှိမ်ပြီး၊ လောင်းကြက်ခေါ်ကေ၊ မြို့ တော်ကြီးမှာ၊ နန်းထီးထပ်မံ၊ စိုးမိုးစံလျှင်၊ နိုင်ငံအဝှမ်း၊ ရီနှင့်ကြာကေ၊ ပမာညွန်းသို့၊ အီးချမ်းသာယာ၊ ဟိလတ်ခါတွင်၊ ပြန်လာမစဲ၊ ကိုယ့်ရပ်နယ်လေး ရွာပြည်ထဲမှာ၊ စုစည်းဝိုင်းအုံ၊ သစ်နွယ်ခြုံကို၊ အကုန်ယှင်းမြောက်၊ ညီအညာဖြင့်၊ အိမ်ယာဆောက်လို့၊ ဝမ်းမြောက်ဝမ်းသာ၊ များလူသျှင်မှာ၊ သာရွှင်ပျလို့၊ ပြန်ကြခါဝယ်၊ မည်သာလွှမ်းကျော်၊ တောင်ဦးမော်ဟု၊ တွင်ခေါ်တုံငြား၊ များပြားစွာကေ၊ ထိုရွာသားမှာ၊ ပေါက်ဖွားဇာတိ၊ မိမိရွာကို၊ စွန့်ခွာဘိ၍၊ ဘုန်းဟိထင်ပေါ်၊ စေတီတော်နှင့်၊ တခေါ်လောက်ဝယ်၊ တူမကွာဘဲ၊ စုလာလတ်ကေ၊ ရွာရပ်တည်လို့၊ အမည်နာမ၊ မြတ်စေတီကို၊ မှီသဟဲကေ၊ ပွဲပြီးမှလျှင်၊ များလှလူသျှင်၊ စေတီပြင်ဟု၊ ခေါ်တွင်မည်း၊ ဓညမည်ကေ၊ ပြည်တော်ဝှမ်းမှာ၊ ပန်းသို့မီးလို့၊ ရပ်ကြီးသာယာ၊ ဤသည်ရွာလည်း၊ ဓညာနိဂုဏ်း၊ ပတ်ဝိုင်းကျင်ကေ၊ ဆင်ခြီဖုန်းဟု၊ ရွှေဘုန်းသက်ဝီ၊ မြဲမကွာဘဲ၊ စွဲကာထားက၊ မှတ်သားလီလေး။
- "မှတ်သားမယေကောင်းစွာ၊ ဤရပ်ရွာက၊ အရာတထောက်၊ ပါးပြန်တာဖြင့်၊ ငါးရာဟိကေ၊ အရှိမြောက်သို့” (ဟိ) နှင့် (ရှိ) ကို ကာရံယူထားသည်ကို တွိရပါသည်။ ၄င်းကိုမြန်မာမှုပြုလျှင် “ငါးရာရှိကာ၊ အရှေ့မြောက်သို့" ဟု ရပါသည်။ (ရှိ) နှင့် (ရှေ့) ကာရံလွတ်လားပါသည်။ (ရှိ) သည် ရခိုင်စကား ရခိုင်ပေါဟာရစစ်စစ်ဖြစ်ပါသည်။ အသံထွက်သောအခါ (Rhi) ဟု အသံထွက်ပါသည်။ မြန်မာပိုင်ယှောင် (shi) ဟု အသံမထွက်ပါ။ စာရွီးသောအခါ (အရှိဖက်၊ အရှိအနောက်) စသည်ဖြင့် ရွီးရပါမည်။ (အရှေ့ဖက်၊ အရှေ့အနောက်) ဟု ရွီးပြီး မြန်မာစာကို ရခိုင်စာဟုအသျှင်ခံပါက သင့်ကိုလူအများ ရယ်ခြင်းပြုပါလိမ့်မည်။ (ရှိ) သည်မြန်မာကဲ့သို့ ပိုင်ဆိုင်သည်ဟုအဓိပ္ပါယ်မရဘဲ (East) အရှိအရပ်ဟုအဓိပ္ပါယ်ရပါသည်။
- မှတ်သားမယေကောင်းစွာ၊ ဤရပ်ရွာက၊ အရာတထောက်၊ ပါးပြန်တာဖြင့်၊ ငါးရာဟိက၊ အရှိမြောက်သို့၊ အရောက်တခါ၊ ကြိုးအားဆောင်၍၊ ချစ်မောင်မြတ်မှာ၊ လှမ်းလတ်ပါသော်၊ သာယာသန့်ယင်း၊ ပန်းနံ့လှိုင်၍၊ ဦးကြိုင်သင်းလို့၊ ခပင်းလူသျှင်၊ အိမ်တိုင်းတွင်၀ယ်၊ ခြည်ငင်ဝိုင်း၊၀င့်၊ တန်းခါလှည်ကေ၊ အထည်ဆန်းအောင်၊ ရက္ကန်းရက်လို့၊ အသက်မွီးရာ၊ ယဉ်သယ်ရွာကို၊ မကြာခဏ၊ ရောက်ပြန်သော်လျှင်၊ မောင်တော်လှမှာ၊ မြင်ရလိမ့်မည်၊ ယိုင်သယ်ရွာက၊ တခါထပ်လို့၊ ကြည့်လတ်စီသော်၊ ဌာနီဒိသ၊ ဥတ္တရတွင်၊ နွားလှတထွန်၊ မြစ်ကမ်းယံတွင်၊ လီသွန်ချိုမြ၊ ရိပ်ဂီနှင့်၊ နီမခဘဲ၊ လှပသာယာ၊ ရွာတရွာကို၊ မြင်ပါလိမ့်မည်၊ သိစီရန်လျှင်၊ မှန်သမျှကို၊ ပြောပြမည်ကား၊ ရှိ၀ယ်အစ၊ ဤဂါမ၏ မူလသညာ၊ များလူသျှင်ရို့ ၊ ခေါ်တွင်လတ်က၊ ဂေါက်ပတ်ရွာတည်း၊ အရာတဖန်၊ ဤသည်ရွာကို၊ သညာထပ်လို့၊ ခေါ်လတ်ဟန်ကား၊ ဘုန်းကံကြီးလှ၊ လက်ရုံးရောင်ဖြင့်၊ ပြောင်ပြောင်ပကေ၊ ဒဿရာဇာ၊ မင်းမြတ်စွာလျှင်၊ အာဏာဖြန့်မိုး၊ တိုင်းရက္ခာကို၊ အုပ်ကာစိုးသော်၊ ဖီးဖိုးစဉ်လာ၊ ကိုးကွယ်ပါခ၊ မဟာမုနိ၊ ခြောက်ရောင်ညီးကေ၊ မြတ်သီရိကို၊ ခရီးပီးကွာ၊ မြစ်သိင်္ဂါ၌၊ သညာကျော်ဟိုး၊ သေလာတောင်လေ၊ မြင့်ခေါင်ထက်ကေ၊ ဝက်သတိုးက၊ ရှိခိုးပန်ထွာ၊ ပင့်ဆောင်လာ၍၊ စန္ဒသူရိယ၊ မင်းရာဇိန်နှင့်၊ မုနိန္ဒရို့၊ မူလသွန်းရာ၊ မြို့ ဓညာဝယ်၊ တောင်သာပုလု၊ မြရိပ်မြိုင်လေ၊ ကတညုတွင်၊ ပြုစုထပ်မံ၊ တည်ထားပြန်၍၊ ကာရံတံတိုင်း၊ မင်းရာဇာမှာ၊ သဒ္ဓါလှိုင်း၍၊ မဆိုင်းလျှင်စွာ၊ ပြုလုပ်ခါတွင်၊ ဤရွာ၌ဝယ်၊ ကျောက်များစွာကို၊ ညီညာဖြတ်၍၊ ဆတ်လတ်တေစု၊ ထိုသည်က၊ ဤဂါမကို၊ များလှသူငါ၊ နောက်တဖန်ဝယ်၊ တွင်ပြန်လတ်ကေ၊ ကျောက်ဆတ်ရွာဟု၊ သညာလွမ်းကျော်၊ ယခုတိုင်လေ၊ စဉ်အဆက်က၊ မြွက်လို့ခေါ်ရေ၊ မောင်တော်မှတ်သား၊ ဤရပ်ရွာမှ၊ တခါလားသော်၊ အများမကွာ၊ မြောက်ရပ်သာတွင်၊ စဉ်လာသက်ဆင်း၊ မြို့ ဓညာက၊ ရာဇာမင်းရို့ ၊ မယွင်းစုံညီ၊ အောင်မောင်းစီ၍၊ ရာသီမိဿ၊ စိတ္တရံလေ၊ သင်္ကြန်လမှာ၊ ထူးစွဲသဘင်၊ လောင်းပွဲတင်၍၊ ပျော်ရွှင်တုံကြ၊ ကျဉ်းမကျယ်ကေ၊ ချောင်းငယ်ပတွင်၊ စိုက်ထပန်းတိုင်၊ ယှုံးအနိုင်ကို၊ ပွဲထိုင်ရှုရာ၊ ဤသည်ရွာကို၊ များစွာလူပေါင်း၊ တွင်အစဉ်ကေ၊ ပန်းတိုင်ချောင်းဟု၊ နှစ်ပေါင်းမြင့်ရှည်၊ များသူငါလျှင်၊ ဤရပ်ရွာကို၊ ခေါ်လတ်တေလေး။
- မုနိသျှင်မှာ၊ စုလျှင်တလီ၊ စံမြန်းပျော်ကေ၊ သိမ်တော်အောက်မှ၊ ကွယ်ပျောက်ပြီဟု၊ စာပီရွှီးလျှက် (လီ) (ပြီ) (ပီ) ကို ကာရံယူထားသည်ကိုတွိရပါသည်။ ၄င်းကိုမြန်မာမှုပြုလျှင် “ခုလျှင်တလေ၊ စံမြန်းပျော်ကာ၊ သိမ်တော်အောက်မှ၊ ကွယ်ပျောက်ပြေဟု၊ စာပေရွီးလျှက်” ဟု ရပါသည်။ မြန်မာတွင်လည်း (ကွယ်ပျောက်ပြေ) ဟု မဟိပါ။ (ကွယ်ပျောက်ပြီ) ဟုရာ ဟိပါသည်။ ထို့ကြောင့် ကာရံ (လိ) (ပြီ) (ပီ) ကိုထောက်၍ (စာပိ) ဆိုမှရာ ရခိုင်ဂေါဟာရအမှန်ဖြစ်ကြောင်း တပ်ပြအပ်ပါသည်။ ရခိုင်စာပီနှင့်ယဉ်ကျေးမှုကော်မီတီ တက္ကသိုလ်များ (ရန်ကုန်) ရခိုင်သားကြီးစာပီ ဟူ၍ရာ ဖြစ်ရပါမည်။
- ခေါ်လတ်မယေသူငါ၊ ပန်းတိုင်ရွာက၊ တခါနှစ်ထပ်၊ တာငါးရာလျင်၊ ပြန်ကာထောက်က၊ မြောက်အရပ်သို့၊ တည့်မတ်ဖြောင့်စွာ၊ မောင်သက်နှံမှာ၊ တဖန်လှည့်လို့၊ ကြည့်သောခါတွင်၊ ညိုပြာမှိုင်းမှိုင်း၊ တဆိုင်းဆိုင်းနှင့်၊ ရှုတိုင်းသာယာ၊ ရခိုင်ပြည်မှာ၊ နာမည်ကောင်းကေ၊ ညောင်ချောင်းရွာကို သေချာကျန၊ မောင်ပန်းတန်မှာ၊ မှန်မုချလျှင်၊ မြင်ရလိမ့်မည်၊ ရောက်ဖူးယောင်လေ၊ မောင်သက်ထားမှာ၊ လားလို့လည်ပါ၊ ပျော်ဖွယ်စုံခြင်း၊ ကောင်းသတင်းနှင့်၊ သောင်းတွင်းကျော်ညာ၊ ဤသည်ရွာကို၊ ရှည်ကြာရှိက၊ များလူဗိုလ်ပါ၊ ခေါ်ဆိုကြက၊ နာမသညာ၊ လောကဓံမှာ၊ စံမညီးကေ၊ ကံကြီးရွာတည်း၊ တခါနောက်ထပ်၊ ညောင်းချောင်းရွာဟု၊ သညာတပ်လို့၊ ခေါ်လတ်ခြင်းရာ၊ သမိုင်းလာကို၊ ထုတ်ခါပြသ၊ သိလောက်ပေအောင်၊ သံခေပဖြင့်၊ အစအဆုံး၊ ရာဇ၀င်မှာ၊ စာတင်ထုံးကို၊ ရွှေဘုန်းချစ်မောင်၊ အမြဲပင်လျှင်၊ စိတ်၀င်စား၍၊ မောင်နားထောင်လေ၊ ယခေါင်ကာလ၊ တိုင်းအောင်ပြီလေ၊ ရှိရက္ခတွင်၊ မြို့ပြအင်္ဂါ၊ စုံလင်စွာနှင့်၊ အောင်ချာကနက်၊ ထီးနန်းတည်ကေ၊ စမ္ပက်မှာ၊ နန်းတက်ပိုးစံ၊ ကုသလံလေ၊ ရှိကံလည်းထူး၊ ဘုန်းသဖောနှင့်၊ တေဇာပြင်းကေ၊ မင်းဘီလူးကို၊ ဉာဏ်ထူးစီမံ၊ (----)၊ မင်းဘယလျှင်၊ နန်းမရိပ်ခို၊ မြပေါက်ညိုနှင့်၊ နှစ်ကိုယ်တူလှ၊ ဖီးလွတ်ရာသို့၊ ပုန်းကာဝှက်လို့၊ ထွက်ပြီးကြသော်၊ တမ္ပဝတီ၊ တွင်မည်ချီကေ၊ ဌာနီမြတ်မွန်၊ ပြည်ပုဂံကို၊ ရောက်ပြန်သည်ဖြစ်၊ ထီးနန်းစံကေ၊ မင်းကျန်စစ်သို့၊ ဦးတိုက်ခို၀င်၊ မြင့်ကြာတင်၍၊ ဘုရင်ကျန်စစ်၊ ဇီရိက္ခာ၍၊ နတ်ရွာလိုက်က၊ မြီးချစ်သဲအူ၊ အထက်ရှိက၊ ပြည်ရခိုင်ကို၊ ပိုင်ဆိုင်ခြင်းကေ၊ မင်းဘယ၏ ပုတ္တစီတာ၊ ရွှေဂူသာနှင့်၊ လက်ယာမင်းနန်၊ မျိုးရိုးမှန်ကို၊ မင်းမွန်ခေါင်ဖျား၊ သောင်းထိပီအောင်၊ ဗိုလ်ခြံများကို၊ သနားပြီးခါ၊ တိုင်းရကွာသို့၊ မကြာမဆိုင်း၊ လောင်းမင်းနန်ကို၊ အပြန်ခိုင်း၍၊ မြို့ တိုင်းပြည်ရွာ၊ ဘိုးရိပ်ရာကို၊ ပြန်ကာသိမ်းမြောက်၊ မြို့ပရိန်မှာ၊ ရောင်ထိန်လွှမ်းအောင်၊ ရွှေနန်းဆောက်လို့၊ ဘုန်းတောက်ရှိန်ပါ၊ စိုးစဉ်ခါတွင်၊ တမ္ပဒီပ၊ မြို့ပုဂံမှာ၊ ဘုန်းလျှံပကေ၊ ရာဇမှန်ကူ၊ ကြီးပညာနှင့်၊ တောပြင်းကေ၊ မင်းစည်သူက၊ နတ်လူရိုညွတ်၊ မုနိတွင်ကေ၊ အသျှင်မြတ်ကို၊ ပီးအပ်လာရန်၊ စာသ၀ဏ်ဖြင့်၊ တောင်းခံလတ်ရာ၊ ထိုအခါတွင်၊ လက်ယာမင်းနန်၊ မယ်တော်၀န်နှင့်၊ ကြိမ်ဖန်များလှ၊ ညီလာခွင်မှာ၊ တိုင်ပင်ကြလို့၊ ဗုဒ္ဓဆင်းလျော်၊ ရုပ်ပွားတော်ကို၊ ထင်ပေါ်ကျော်ဟိုး၊ တောင်ထိပ်ချွန်လေ၊ မြင့်ချိန်တက်ကေ၊ ဝက်သတိုး၌၊ ပုန်းလျိုးပျက်ထွေ၊ တိတ်တိတ်ကေဖြင့်၊ ထားပေပြီးမှ၊ စာသ၀န်ကို၊ ပုဂံမြို့ မှာ၊ ဆက်ပို့ကြလို့၊ ရွီးထခြင်းရာ၊ အကြောင်းမှာကား၊ ရာဇာတုလွတ်၊ ဘုန်းတေဇာဖြင့်၊ အာဏာပြင်းကေ၊ သျှင်မင်းမြတ်လေ၊ လူ့ရပ်ပေါ်ထင်၊ မုနိသျှင်က၊ ယခင်ရှိများ၊ တလိုင်းဟူကေ၊ ပြူအများနှင့်၊ စစ်သားဆိုးသွန်း၊ အသျှင့်ကျွန်ရို့၊ ပေါင်တံကြောသား၊ ဖြတ်ယူပါက၊ ခြင်းရာများကြောင့်၊ ခြောက်ပါးရောင်လွင်၊ မုနိသျှင်မှာ၊ ခုလျှင်တလီ၊ စံမြန်းပျော်ကေ၊ သိမ်တော်အောက်မှ၊ ကွယ်ပျောက်ပြီဟု စာပီရွီးလျှက်၊ မြို့ပုဂံမှာ၊ တမန်ဆက်၍၊ လရက်နှစ်တာ၊ အချိန်ကြာသော်၊ ပက္ခဒိန်မှာ၊ ရက်ချိန်ညောင်းလို့၊ ပြောင်းလတ်ကလျှင်၊ ဒဿရာဇာ၊ နန်းတက်ခါဝယ်၊ မဟာမုနိ၊ တန်းခိုးတော်ဖြင့်၊ လွှမ်းကျော်လတ်ကေ၊ မြတ်ဗောဓိကို၊ မည်ဟိကျော်ဟိုး၊ ခါတဖန်တွင်၊ မင်းနန်ငှက်ကေ၊ ဝက်သတိုးက၊ ရှိခိုးပန်ထွာ၊ ပင့်ဆောင်လာ၍၊ ဤရွာ၌၀ယ်၊ ရွှီပန်းမြိုင်ကေ၊ ယာဉ်ရထားကို၊ ရပ်နား၍၊ ပန်းဖြေညောင်းညာ၊ တန့်နားပါ၍၊ ထိုခါကစ၊ သာမောစည်ကေ၊ ဤဒေသကို၊ ညောင်ချောင်းတွင်ရေ။ “ဆီမီးပြောင်ပြောင်၊ ညှိထွန်းထောင်၍၊ အရောင်ထိန်လက်၊ လင်းအာရုံတွင်၊ သံစုံကျူးကေ၊ ဖူး၀တ်တက်လို့၊ နှုတ်မြွက်ချိုမြ၊ များသတ္တေလေ၊ ဝေနေယျကို အမျှအညီ၊ ရကြဟု၊ ပီးဂီတုံပြီး၊ ခေါင်းလောင်းသံဖြင့်၊ ဆူညံဟီးလို့" ၄င်းကို မြန်မာမှုပြုလျှင် "အမျှအညေ၊ ရကြစေဟု၊ ပေးတုံပြီး” ဟု ရပါသည်။ “အမျှအညီ၊ ရကြပီဟု၊ ပီးပီတုံပြီး" (ညီ) (စီ) (ဂီ) ကို ကာရံယူထားသည်ကိုတွိရပါသည်။ (အမျှအညေ၊ အညေအပ္ပ) ဟု မြန်မာတွင်လည်းမဟိပါ။ (အညီအမျှ) ရာဟိပါသည်။ (ပီးပီသည်။ ပီခြမ်းသည်၊ ပီမျှသည်၊ ပီငှသည်) စသည့်ဂေါဟာရများမှာ ရခိုင်စာဖြစ်ပါသည်။ (ငှသည်၊ ပေးပေသည်) ဆိုသည်မှာ မြန်မာစာဖြစ်ပါသည်။ (ညီ၊ စီ၊ ဂီ) ကာရံကိုထောက်၍ ဆုတောင်းအမျှဝီရာတွင်လည်း (ကျမ္မာပါစီ၊ ချမ်းသာပါစီ၊ လုပ်တိုင်းအောင် ကြံတိုင်းမြောက်ပါစီ) ဟု စီကာရံဖြင့် ရွီးသားရမည်ဖြစ်ကြောင်း သိသာထင်ရှားသည်။ (ပုံနှိပ်ထုတ်ဝေသည်) ဟူသောစကားတွင်လည်း (ဂီခြမ်းသည်။ ပီမျှသည်) (ဖြန့်ချီသည်) ဟုအဓိပ္ပါယ်သက်ရောက်သဖြင့် (ထုတ်ဂီသည်) ရာ အမှန်ဖြစ်သည်။ (ထုတ်သည်) ဟူသည်မှာ မြန်မာစကား၊ မြန်မာစာဖြစ်သည်။ (ထုတ်သည်) ဟု ရွီးသားလျှက် မြန်မာစာကို ရခိုင်စာဟု အသျှင်မခံသင့်ပေ။
- ညောင်ချောင်းမယေရပ်ရွာ၊ ထိုနီရာက၊ တခါမျှော်ထောက်၊ ပြန်ကိုးရာလျှင်၊ တိုင်းတာဟိကေ၊ အရှိမြောက်တွင်၊ ဘုန်းတောက်ပေါ်ထင်၊ မုနိသျှင်၏၊ စံရွှင်ပျော်မှီး၊ ကုန်းထိပ်ပေါ်မှာ၊ သိမ်တော်ကြီးကို၊ ထိန်ညီးတင့်တယ်၊ ကြည်နူးဖွယ်နှင့်၊ မြင်မည်မလွဲ၊ တပြောင်ပြောင်နှင့်၊ သိမ်ဆောင်ထဲမှာ၊ အမြဲမှန်စွာ၊ စဉ်အလာဖြင့်၊ အခါမိဿ၊ စိတ္တရံကေ၊ ပိုင်းရံပလို့၊ မာသတန်းခူး၊ နှစ်ဟောင်းလွန်၍၊ သင်္ကြန်ကျူးသော်၊ ပျော်မြူးသာရွှင်၊ များလူသျှင်ရို့၊ ဖြူစင်၀တ်စား၊ ပန်းနံ့သာလေ၊ ကြက်သျှာများက၊ ကုက္ကားတင်းခွန်၊ လက်ဆောင်မွန်နှင့်၊ လာပြန်တုံပြီး၊ မြတ်ဘုန်းမော်၏၊ သိမ်တော်ကြီးမှာ၊ ဆီမီးပြောင်ပြောင်၊ ညှိထွန်းထောင်၍၊ အရောင်ထိန်လက်၊ လင်းအာရုံတွင်၊ သံစုံကျူးကေ၊ ဖူး၀တ်တက်လို့၊ နှုတ်မြွက်ချိုမြ၊ များသတ္တေလေ၊ ဂေနေယျကို အမူအညီ၊ ရကြစီဟု၊ ပီးဂီတုံပြီး၊ ခေါင်းလောင်းသံဖြင့်၊ ဆူညံဟီးလို့၊ ကောင်းချီးနုမော်၊ သာဓုခေါ်၍၊ ပူဇော်ပြီးလျှင်၊ ပတ်၀န်းကျင်မှ၊ ပျော်ရွှင်မဆုံး၊ စည်ပင်သာကေ၊ ရွာအားလုံးက၊ ရွှင်ပြုံးကြည်လင်၊ အလှူသျှင်ရို့၊ စီရင်ပြုစု၊ ပျားရည်သွန်ကေ၊ သင်္ကြန်မုံ့ကို၊ ရှိဦးအလျှင်၊ မုနိသျှင်အား၊ ဆွမ်းတင်ပြီးလတ်၊ များသံဃာကို၊ သဒ္ဓါလွှမ်းကေ၊ မုန့်ဆွမ်းကပ်လို့၊ နောက်ထပ်တသွယ်၊ ဥပုသ်သယ်နှင့်၊ ကြီးငယ်မဟူ၊ ရောက်လာသူကို၊ ပီးလှူတုံမြောက်၊ မွန်းတည့်နီကေ၊ ဆွမ်းချိန်ရောက်လျှင်၊ ၀မ်းမြောက်သာရွှင်၊ မုနိသျှင်၌၊ ဆွမ်းတင်ပြီးခါ မြတ်သံဃာအား၊ ရွယ်ကာလှူဒါန်း၊ သဒ္ဓါဖြူ၍၊ ကပ်လှူကြကေ၊ မွန်းတည့်ဆွမ်းကို၊ ရဟန်းဘုန်းဟိ၊ လွန်စင်ကြယ်ကေ၊ ထေရ်မုနိရို့၊ ပဋိကုလ၊ အဟာရဟု၊ ပစ္စ၀က္ခဏာ၊ အခါခါပင်၊ တင်ကာလည်းရှု၊ ဆွမ်းဘောဇဉ်ကို၊ မတ္တညုဖြင့်၊ ဓာတ်စုလေးဖြာ၊ မျှရုံသာဖြင့်၊ ချိန်ကာချင့်ထောက်၊ ိနည်းလမ်းကေ၊ ကျမ်းအထုံးနှင့်၊ သုံးပြီးနောက်တွင်၊ စားသောက်ဖွယ်ရာ၊ ဆွမ်းရသာကို၊ သျှစ်ဖြာသီလ၊ ဆာက်တည်သူကေ၊ ဟူသမျှကို၊ ကျွေးကြပြီးလျှင်၊ သိမ်တော်ပြင်မှာ၊ လူသျှင်စုရုံး၊ ထေရ်မဟာလေ၊ ဆရာဘုန်းထံ၊ လက်ဦးဆယ်စုံ၊ ထိပ်ထက်ရုံ၍၊ ရွှေဘုံအမတ်၊ ပြည်နိဗ္ဗာန်သို့၊ လမ်းညွှန်ပြကေ၊ ဓမ္မထူးချွန်၊ တရားမွန်ကို၊ နာခံပြီးမှ၊ သုန္ဒရီကို၊ သက်သီမြွက်ကေ၊ ရီစက်ချလို့၊ ကိစ္စကုန်စင်၊ ပြီးစုံလင်သော်၊ ရောင်လွင်တောက်ထွန်း၊ ဖာလ်စကြာမှာ၊ ဂေါယာကျွန်းသို့၊ စောင်းယွန်းခါမှီ၊ မွန်းလွဲနီမှာ၊ စုံညီလှငြား၊ ရွာထိုထိုမှ၊ လူပျိုများနှင့်၊ နုထွားပျိုရွယ်၊ ကညာမေရို့၊ တင့်တယ်လျှောက်ပတ်၊ မုနိတွင်ကေ၊ အသျှင်မြတ်ကို၊ ရှိသပ္ပါယ်ရန်၊ လာကြဟန်ကို၊ တဖန်မေက၊ ကြောင်းအရာကို၊ ပေါင်းကာနှောက၊ ပြောလို့ပြမည်၊ နတ်ဆင်းယောင်လေ၊ မောင်သက်ထားမှာ၊ ထောင်နားတည်လေး။
- “မျက်စပြုံးချို၊ မောင်လူပျိုရို့၊ သံချိုအီးအီး၊ အံခြင်းဆို၍၊ စည်ကိုတီးလျှက်၊ သံကြီးသံလတ်၊ ဘုံမောင်းစီ၍၊ ပြိုကိုမှုတ်ကေ၊ လက်ခုပ်ခတ်လို့” “သံချိုအီးအီး၊ အံခြင်းဆို၍၊ စည်ကိုတီးလျှက်” ဟု (အီး) နှင့် (တီး)၊ (စီ) နှင့် (ပြွီ) ကို ကာရံယူထားသည်ကို တွိရပါလိမ့်မည်။ ၄င်းကို မြန်မာမှုပြုပါက "သံချိုအေးအေး၊ အံခြင်းဆို၍၊ စည်ကိုတေးလျှက်၊ သံကြေးသံလတ်၊ ဘုံမောင်းစေ၍ ပြွေကိုမှုတ်က၊ လက်ခုပ်ခတ်လို့” ဟု ရပါသည်။ မြန်မာတွင်လည်း (တီးခတ်သည်၊ တီးမှုတ်သည်) ဟုရာဟိပါသည်။ (တေးခတ်သည်။ တေးမှတ်သည်) ဟု မဟိပါ။ ထို့ကြောင့် (စည်ကိုတေးလျှက်) ဟူသည်မှာ ဟာသဖြစ်ပါသည်။ (သံချိုအီးအီး၊ အံခြင်းဆို၍ စည်ကိုတီးလျှက်) ဟူသော (အီး) (တီး) ကာရံကိုထောက်၍ (အီးချမ်းသည်၊ ချမ်းအီးသည်) ဆိုမှရာ ရခိုင်စကား၊ ရခိုင်စာဖြစ်ပါသည်။ (အေးချမ်းသည်၊ ချမ်းအေးသည်) ဆိုသည်မှာ မြန်မာစကား မြန်မာစာဖြစ်ပါသည်။ (ဘုံမောင်းစိ) ဆိုသည်မှာ ဘုံမောင်းများကို အစီအညီချထားသည့်သဖောဖြစ်ပါသည်။ (ဘုံမောင်းစေ) ဆိုသည်မှာ အဓိပ္ပါယ်မပါ။ ထို့ကြောင့် (စီ) ကာရံကိုထောက်၍ (ပြီ) ဟူဆိုမှသာလျှင် ရခိုင်ပေါဟာအမှန်ဖြစ်ကြောင်းကောက်ချက်ချနိုင်ပါသည်။ (ပြွေ) ဆိုသည်မှာ မြန်မာစကားမြန်မာစာဖြစ်ပါသည်။ (သံကြီးသံလတ်) ကို (သံကြေးသံလတ်) ဟု မြန်မာမှုပြုသောအခါတွင်လည်း (သံသတ္တု၊ ကြေးသတ္တု) ဟု အဓိပ္ပါယ်သက်ရောက်လားပါသဖြင့် ဤကာရံများကို မြန်မာမူပြုမရသော ရခိုင်ကာရံများဟုခေါ်ဆိုရခြင်းဖြစ်ပါသည်။
- ထောင်နားတည်ကေ၊ ကွလယ်ရို့ က၊ ကုန်းထိပ်ပေါ်မှာ၊ သိမ်တော်လှသို့၊ အားရစိတ်ရွင်၊ လားဖို့ပျင်ကေ၊ ဆင်ယင်၀တ်စား၊ ဆယ့်နှစ်တောင်လေ၊ တောက်ပြောင်ရွှန်းကေ၊ ပန်းဒွယားကို၊ ဆန်းပြားအောင်ပင်၊ ခါး၌ဆင်၍၊ ညိုလွင်ရောင်ဟပ်၊ မြကြိုးနွယ်ဟု၊ အမည်ထိုးကေ၊ ပိုးခါးပတ်နှင့်၊ စည်းလတ်ပြီးထွေ၊ လှဆန်းကြယ်ကေ၊ ဓါးကျယ်လက်ကျပ်၊ ပိုးအင်္ကျီမှာ၊ ဘော်စီကပ်လို့၊ ဆင်ပတ်ပြီးခါ၊ ဆံကေသာကို၊ ညီညာစုရုံး၊ ရစ်ပတ်နှောင်၍၊ ပျိုမောင်ဂေါင်းမှာ၊ တစောင်းထုံးလို့၊ ပွတ်လုံးဖော်ကာ၊ ပိုးအချာကေ၊ အင်္ဂါဂေါင်းပေါင်း၊ လူပျိုမောင်ရို့၊ လှယောင်ပေါင်းလို့၊ နွဲ့ နှောင်းတင့်တယ်၊ ရုပ်ပိုင်းပြင်ကို၊ မြင်မညီးအောင်၊ ဆင်ပြီးကေလျှင်၊ တသွေထို့နောက်၊ လှပြုံးချိုကေ၊ ပျိုဆဒေါက်ရို့၊ ၀မ်းမြောက်၀မ်းသာ၊ သူ ့ထက်ငါလျှင်၊ လှပါစီငြား၊ ကြီးမှန်ပြင်ကို၊ ရှိတွင်ထားလို့၊ မြသားအဟန်၊ ဂေါင်းကေဆံကို၊ ဆီပျံသိမ်းရုံး၊ ပြီးပြီးပြန်သော်၊ ကောင်းမွန်ထုံးကေ၊ နားကုံးရတနာ၊ ဆင်တန်းဆာနှင့်၊ ယဉ်စွာနွဲ့ နှောင်း၊ ကညာမေ၏၊ လက်ဆယ်ချောင်းမှာ၊ နှစ်ချောင်းကိုလွှတ်၊ သျှစ်ချောင်းတွင်၌၊ ဆင်ကာပတ်ကေ၊ လက်စွပ်များစွာ၊ မောတ္တာကေ၊ ဘယ်ညာနှစ်ရပ်၊ ရွှီသိင်္ဂီကို၊ ထိန်ထိန်တောက်အောင်၊ လက်ကောက်ပတ်လို့၊ ချောမွတ်တင့်တယ်၊ မယ့်လိုင်တွင်၌၊ မြင်မညီးကေ၊ ပုတီးသွယ်လေး၊ ရင်ကျယ်ခါးတွန့် ပမာဆောင်ကေ၊ စွန်တောင်ဖြန့်ယောင်၊ ပိုးညွန့်အင်္ကျီ၊ မယ်သညာလျှင်၊ လွန်စွာဆန်းကေ၊ နန်းလုံးဂီနှင့်၊ ထမီပိုးသား၊ စိမ်းညိုရောင်နှင့်၊ တောက်ပြောင်ငြားကေ၊ ခနားနှစ်ဆင့်၊ နီအင်္ဂါဖြင့်၊ စီကာတွဲကေ၊ မကျည်းပွင့်ကို၊ လှတင့်ညီစွာ၊ မြီကမ္ဘာနှင့်၊ ပွတ်ခါလည်း၀တ်၊ မြိတ်တထွာနှင့်၊ ရစ်ခါပိုးကေ၊ ခါးကြိုးပတ်လို့၊ ဆန်းလတ်တဖုံ၊ လွှမ်းထပ်ခြုံကေ၊ ရောင်စုံပြိုးပြက်၊ အမျိုးမှန်ကေ၊ ပိုးတံပါက်နှင့်၊ တင့်တင့်တယ်တယ်၊ ခင်ကညာရို့ ၊ ဆင်ကာပတ်၍၊ ပြီးလတ်ချေသော်၊ သက်ရွယ်ကြီးငြား၊ အဖိုးအိုနှင့်၊ ဒါအိုများလည်း၊ ၀တ်စားဖြူစင်၊ ကိုယ်ရုံတင်၍၊ ယူငင်ကုက္ကား၊ မုလေးပွားကေ၊ ဘုရားလက်ဆောင်၊ ပန်းများမြောင်ကို ကိုင်ဆောင်ပြီးငြား၊ မုနိသျှင်ကို၊ ဖူးမြင်ရအောင်၊ ရှိကလားလို့၊ ဖိုးဖွားနောက်မှာ၊ ပျိုကညာရို့ ယဉ်စွာနွဲ့ ပါး၊ နံ့သာရည်ကို၊ ငွေဖလားနှင့်၊ ထည့်ထားပြီးလျှင်၊ လွန်ရိုသေကေ၊ ပျိုမေပေါင်းမှာ၊ ဂေါင်းထက်တင်လို့၊ နောက်တွင်တချို့၊ ညွန့်ဂီပီနှင့်၊ သပြီထိုး၍၊ ရီအိုးကိုယ်စီ၊ ရွက်ထမ်းချီလျှက်၊ အညီတူရာ၊ ထိုနောက်တွင်လျှင်၊ ဆင်ယင်သကေ၊ မျက်စပြုံးချို၊ မောင်လူပျိုရို့၊ သံချိုအီးအီး၊ အံခြင်းဆို၍၊ စည်ကိုတီးလျှက်၊ သံကြီးသံလတ်၊ ဘုံဟေင်းစီ၍၊ ပြီကိုမှုတ်ကေ၊ လက်ခုပ်ခတ်လို့၊ ထက်ရပ်နဘီ၊ မိုးတိမ်စွန်သို့၊ အသံဟီးကာ၊ ကြောင်းအခါက၊ ညီညာတူကွ၊ မုနိသျှင်၏ ရင်ပြင်စသို့၊ လှမ်းကြပြီးသော်၊ ထိုသိမ်တော်ကို ၊ ကော်ရော်လေးမြတ်၊ ရိုသေစွာဖြင့်၊ သုံးခါပတ်လို့၊ ရှိရပ်ပြုပါ၊ ဥပစာက၊ အသာလှမ်းလျှက်၊ မုနိသျှင်လေ၊ စံရွှင်မြန်းကေ၊ ကုန်းတန်းထက်သို့၊ တက်ကြပြီးခါ၊ လက်ဆယ်ဖြာကို၊ ထိပ်မှာတင်မိုး၊ သုံးခါကြိမ်ကေ၊ ဦးနှိမ်ကျိုးလို့၊ ရှိခိုးပြီးလျှင်၊ ရောင်ခြောက်သွယ်နှင့်၊ တင့်တယ်ဘိကေ၊ မုနိသျှင်ကို၊ ကြည်လင်စီကြောင်း၊ သာဓုသံကေ၊ ညံသောင်းသောင်းဖြင့်၊ ရွှီးကောင်းနံသာ၊ ရီကြိုင်စွာဖြင့်၊ သွန်းခါလောင်းထွေ၊ ခါသင်္ကြန်မှာ၊ ထိန်ညံလတ်အောင်၊ ရီသပ္ပါယ်ရေ။
- “သာဂီဝင်ကေ၊ ဘုရင်ဆက်ကို၊ တွက်စစ်ရွှီထား၊ များသွယ်သွယ်နှင့်၊ ငါးဆယ့်ငါးလျှင်၊ စံစားပျော်မှီ၊ နှစ်လီလီကို၊ တွက်ရွှီသောခါ၊ ဆကာနှင့်၊ အဋ္ဌာဧက” ဤအပိုဒ်တွင် “စံစားပျော်မှီ၊ နှစ်လီလီကို၊ တွက်ရှီသောခါ” ဟု (မှီ) (လီ) (ရွှီ) ကို ကာရံယူထားသည်ကို တွိမြင်ရပါလိမ့်မည်။ ၄င်းကို မြန်မာမှုပြုမည်ဆိုပါက “စံစားပျော်မှေ၊ နှစ်လေလေကို၊ တွက်ရွေသောခါ” ဟု ရပါသည်။ (တွက်ရွေ့) ကိုလိုက်၍ (ပျော်မှေ၊ နှစ်လေလေ) ဖြစ်လားပါသဖြင့် လုံး၀အဓိပ္ပါယ်ကင်းလွတ်လားပါသည်။ ထို့ကြောင့် ဤကာရံများကိုထောက်၍ (ရွီတွက်သည်) ရာ ရခိုင်စကားအမှန်ဖြစ်ကြောင်းကောက်ချက်ချနိုင်ပါသည်။ (ရွေတွက်သည်) ဆိုသည်မှာ မြန်မာစကားမြန်မာစာဖြစ်ပါသည်။ "ဆက်နွယ်မပျက်၊ ထီးနန်းထိုင်၍၊ ပိုးပိုင်ပြီးကေ၊ သားမြီးဆက်လို့” ဤအပိုဒ်တွင်လည်း "စိုးပိုင်ပြီးကေ၊ သားပြီးဆက်လို့” ဟု (ပြီး) နှင့် (မြီး) ကို ကာရံယူထားသည်ကိုတွိရပါသည်။ ထို့ကြောင့် (မြီးမြစ်တီတွတ်၊ သားစိုင်မြီးဆက်) စသည်ဖြင့် (မြီး) သည်ရာ ရခိုင်စကားအမှန်ဖြစ်ပါသည်။ ၄င်းကာရံကို မြန်မာမှုပြုလျှင် "စိုးပိုင်ပြေးက၊ သားမြေးဆက်လို့” ဟူ၍ ရပါသည်။ (ပြေး) သည်ဆိုပါက ထီးနန်းစိုးပိုင်သည်ဟု အဓိပ္ပါယ်မရဘဲ (ထီးနန်းထက်က ထွက်ပြီးသည်) ဟု ပြောင်းပြန်အဓိပ္ပါယ်သက်ရောက်ပါသည်။ ထို့ကြောင့် Grandson ကို (ပြီး) ဟု သုံးမှ ရခိုင်စာဖြစ်ပါသည်။ (မြေး) ဟု သုံးပြီး ရခိုင်စာဟုအသျှင်ခံသည်မှာ ရှက်ကောင်းထမန်းဖြစ်ပါသည်။ အာရီယံများ စဉ်းစားသင့်ချိန်တန်ပြီးဖြစ်သည်။
- ဤသို့မယေဖြာဖြာ၊ မြို့ ညာကို၊ ရံကာပတ်ရုံး၊ လွန်သာယာကေ၊ ရွာအားလုံးကို၊ သိမ်းကျုံးပြီးခါ၊ မေပြောဆိုကေ၊ ထိုစကားကို၊ မှတ်သားပါဟု၊ သံသာချိုမြ၊ သိန်းကျော့မှာ၊ ဆိုပေကလျှင်၊ လှပ၀င်းပြောင်၊ ပန်းဖြူအောင်မှာ၊ ဇောင်လည်းတခါ၊ ပျိုပန်းတန်က၊ လှစံသီးကို၊ မီးလတ်ရာကား၊ မဟာမုနိ၊ ရုပ်ပွားသျှင်ကို၊ ယခင်ရှိက၊ သွန်းဘိခြင်းရာ၊ သမိုင်းလာကို၊ သေချာကျန်၊ လှမေခေါင်မှာ၊ ရုပ်ပွားသျှင်ကို အယင်ကိုကို၊ ပြောလို့ပြပါ၊ ဆိုသောခါတွင်၊ ရယ်ကာပြုံးပြုံး၊ နှစ်ကောဇာကို၊ ရွီကာတွက်စစ်၊ ကိန်းသင်္ချာမှာ၊ မှန်မလွဲကေ၊ တိနောအစ်တွင်၊ ရောင်မြစ်၀င်းထိန်၊ အသူရိန်ကေ၊ ပူဟိန်ပြင်းပြ၊ မြိုခိုးချုံကေ၊ ကဆုံလ၌၊ အဋ္ဌဒီပါ၊ နိဗုဒ္ဓါတွင်၊ မြတ်စွာသုံးလူ့၊ ဂုဏ်ပေါင်းလှိုင်ကေ၊ သဗ္ဗညုလျှင်၊ ပေါင်းစုများစွာ၊ ထေရ်ငါးရာနှင့်၊ အာကာခရီး၊ တန်းခိုးဖန်ကေ၊ ယာဉ်ပျံစီးလို့၊ တိုင်းကြီးပူရ၊ ပြဿဒ်ဘုံဖြင့်၊ ဂုဏ်မချို့ ကေ၊ မြို့ ညေသို့၊ မြန်းကြွချီလာ၊ ရောက်တုံပါကေ၊ သေလာဂီရိ၊ မည်ဟိတံဆိပ်၊ မှိုင်းညိုမှောင်ကေ၊ ကျောက်တောင်ထိပ်မှာ၊ ဣဒ္ဓိပါဒါ၊ ရဟန္တာနှင့်၊ မြတ်စွာဘုန်းဟိ၊ တန်းခိုးဖန်ကေ၊ ယာဉ်ပျံထက်က၊ ဆင်းသက်ဘိ၍၊ အရှိမျက်နှာ၊ မြို့ ညာသို့၊ လှည့်ကာပြုလတ်၊ ရောင်ခြောက်ဆိုင်ကို၊ ပြိုင်မနှုံးအောင်၊ ကွန့်မြူးလွတ်သော်၊ တိုင်းရပ်ပြည်ခွင်၊ များလူသျှင်နှင့်၊ ဘုရင်ဘုန်းကြွယ်၊ မြတ်ရောင်ခြည်ကို၊ မြင်သည်ကာလ၊ ယခုတုံ၌၊ ဖြစ်ပုံများမှာ၊ ထူးခြားလှဟု၊ ရာဇဘုရင်၊ မတ်စုံလင်ကို၊ ခေါ်ငင်နှီးနှော၊ ညီလာခွင်မှာ၊ တိုင်ပင်ပြောသော်၊ သဘောမှန်စွာ၊ ကြောင်းခြင်းရာကို၊ မဟာဝိမလ၊ မင်းဘုရင်ကို ၊ ဦးတင်သလို့၊ လျှောက်ထားသည်မှာ၊ ဇမ္ဗူချာကေ၊ ဒီပါကျွန်းလုံး၊ ရောင်ခြောက်ဆိုင်မို့ ၊ ပြိုင်မနူးဘဲ၊ ကွန့်မြူးပြီးကေ၊ နီလရောင်ထက်၊ တောက်ပြောင်၀င်းကေ၊ လင်းလက်တေဇု၊ အံ့ဖွယ်ကောင်းစွာ၊ ရောင်ခြောက်ဖြာမှာ၊ မုန်စွာမုချ၊ မာရဇိန်လေ၊ ပုနိန္ဒလျှင်၊ မောရင်္ဂါ၊ ပဗ္ဗတာကေ၊ သေလာဂီရိ၊ တောင်ထိပ်ဗွီမှာ၊ ရောက်နီခြင်းကို၊ သျှင်မင်းသိယောင်၊ လွှတ်သည့်ရောင်ခြည်၊ မှန်စင်စစ်လျှင်၊ ဖြစ်လိမ့်မည်ဟု၊ လျှောက်သည့်စကား၊ မင်းဘုရင်လေ၊ နားတွင်ကြားက၊ စိတ်ထားကြည်လင်၊ မြူးပျော်ရွှင်ကေ၊ ဖူးချင်အားကြီး၊ လင်းရောင်ပေါ်၍၊ စည်တော်တီးသော်၊ မူးကြီးမတ်ရာ၊ စစ်သေနာဖြင့်၊ ဂိုင်းကာရံပတ်၊ မြတ်ဗုဒ္ဓါလေ၊ ဟိရာရပ်ကို၊ ဦးညွတ်ပြီးခါ၊ ရိုသေစွာဖြင့်၊ ယာဉ်သာမစီး၊ သဒ္ဓါပိုကေ၊ ထိုမင်းကြီးမှာ၊ ရွှီထီးမပါ၊ ခြီကျင်သာဖြင့်၊ လွန်စွာကြမ်းတမ်း၊ ဆူးငြှောင့်ပုံ၍၊ ရှက်ခြံထီးကေ၊ ခရီးလမ်းကို၊ ဖြတ်သန်းကျော်ကာ၊ လားပြီးခါ၀ယ်၊ သေလာဂီရိ၊ စိမ်းညိုမှောင်ကေ၊ ကျောက်တောင်ထက်ကို၊ လှမ်းတက်ပြီးသော်၊ စောထီးဗုဒ္ဓါ၊ ရွှီမျက်နှာကို၊ သဒ္ဓါကြည်နူး၊ ကြိမ်များမြောင်လျှင်၊ မယောင်ဖူးလို့၊ လက်ဦးရီထွေ၊ ခါသုံးကြိမ်လေ၊ ဦးနှိမ်ကျိုးကေ၊ ရှိခိုးရေလေး။
- ရှိခိုးမယေလီလီ၊ လက်ဦးချီကေ၊ စုံညီရိုညွတ်၊ ရှိတော်ပြင်မှာ၊ ခို၀င်ဖူးကေ၊ မင်းမှူးမတ်ကို၊ ယောက်ပတ်သင့်လျှော်၊ တရားတော်ဖြင့်၊ ထုတ်ဖော်ဟောငြား၊ ကြားနာသူလေ၊ လူအများမှာ၊ သုံးပါးသရဏာ၊ ပဉ္စင်္ဂါဟု၊ ငါးဖြာသီလ၊ မြဲအမှန်လျှင်၊ တည်ပြန်ကြသော်၊ စန္ဒသူရိယာ၊ မင်းရာဇာသည်၊ ဘဂ၀ါဗုဒ္ဓ၊ န၀ဂုဏ်နှင့်၊ ပြည့်စုံလတ်ကေ၊ မြတ်လူ့ဘနှင့်၊ သံဃာများစွာ၊ ထေရ်ငါးရာကို၊ မညာအောင်ခန်း၊ ရွှီအရောင်ဖြင့်၊ တောက်ပြောင်လျှပ်ကေ၊ ပြဿဒ်နန်းသို့၊ ကြွမြန်းပြီးခါ၊ ဆွမ်းရသာကို၊ သုံးကြပါရန်၊ လက်ဦးချီ၍၊ စီညောင်းကေ၊ လျှောက်တောင်းပန်က၊ ပြန်လှန်မပြော၊ လျှောက်ခြင်းဟန်ကို၊ လက်ခံပြီးက၊ တုကိုဘောဖြင့်၊ သျှင်စောမြတ်စွာ၊ နီသောခါတွင်၊ ရာဇာမင်းလှ၊ စိတ်ကြည်လင်ကေ၊ ရွှင်အားရလို့၊ များစွာဗိုလ်ပါ၊ ခြံရံကာဖြင့်၊ ပြန်လာတုံမြောက်၊ ရွှေနန်းယံကို၊ တဖန်ရောက်လျှင်၊ ထံမှောက်၀င်ပြန်၊ နန်းတွင်း၀န်နှင့်၊ အလွန်ထူးဆန်း၊ နို့ဂဏှာလေ၊ ရသာဆွမ်းကို၊ လုံးပန်းစီမံ၊ ပြုတုံပြန်၍၊ ဗိမာန်နန်းတွင်း၊ တုသီတာမှာ၊ နီရာစင်းလို့၊ ခင်းဥဿုံ၊ ပြီးပြည့်စုံသော်၊ ဆယ်စုံလက်မြှောက်၊ ဆွမ်းသုံးရန်ကေ၊ ချိန်တန်ရောက်ဟု၊ ပင့်လျှောက်သောခါ မထေရ်ငါးရာနှင့် မြတ်စွာဗုဒ္ဓ၊ ထက်ပဠာကေ၊ အာကာသက၊ ပါဒဘိညာဏ်၊ တန်းခိုးဖန်၍၊ လျှင်မြန်ကြွမြန်း၊ မြို့ ညာလေ၊ ရာဇာနန်းသို့၊ ထူးဆန်းကမြွေ၊ ကြည်ညိုဖွယ်ဖြင့်၊ ရောင်ခြည်၀င်း၀င်း၊ ပန်းစုံရံကေ၊ နန်းခြံတွင်းမှာ၊ သက်ဆင်းသောခါ၊ မင်းရာဇာလျှင်၊ တရာ့သျှစ်ကွက်၊ ပြိုးပြက်ပေက၊ ပါဒေစက်ကို၊ ဦးချတိုက်ကာ၊ ကြိုဆိုလာ၍၊ မဟာကနက်၊ ဆန်းအမော်နှင့်၊ နန်းတော်ထက်သို့၊ ရွှီစက်ဖြန့်ကာ၊ တက်ကြွပါ၍၊ ကောင်းစွာခင်းအပ်၊ တင့်လျှောက်ပတ်ကေ၊ နီရာမြတ်၌၊ လူနတ်သရဖူ၊ ထိုင်တော်မူသော်၊ ကြည်ဖြူလေးမြတ်၊ မင်းဘုန်းမော်က၊ ဆွမ်းတော်ကပ်လို့၊ သင့်မြတ်တော်ယောင်၊ ဆွမ်းများမြောင်ကို၊ သုံးဆောင်ပြီးမှ၊ ရွှီနန်းသူလေ၊ ဟူသမျှအား၊ ဓမ္မကထာ၊ ဒေသနာကို၊ သေချာကောင်းမြတ်၊ မောဓနာဖြင့်၊ ဟောကာချွတ်သော်၊ သုံးရပ်သရဏာ၊ တည်ကြပါ၍၊ ငါးဖြာသီလ၊ နန်းတွင်းသူလေ၊ ဟူသမျှမှာ၊ နိစ္စမြဲထွေ၊ ခါမကျန်ကေ၊ လွန်မယိမ်းအောင်၊ စောင့်ထိန်းရေလေး။
- (နှစ်ကောဏလျှင်၊ တရာ့နှစ်ဆယ်၊ သုံးခုကယ်တွင်၊ ရောင်ခြည်၀င်းပ၊ ပူပြင်းတုံကေ၊ ကဆုံလ၏၊ ပြည့်ထရက်မှာ၊ နိဗုဒ္ဓါတွင်၊ စကာသွန်းဘိ၊ ဆုတ်ပက္ခာသို့၊ လွန်လာပြုကေ၊ ဂုရုနိတွင်၊ ထိန်ညီးရူပ၊ လျှပ်စစ်ရောင်သို့၊ ပြောင်ပြောင်လင်းက၊ ဆင်းဗုဒ္ဓကို၊ ပဉ္စလောဟာ၊ ရတနာဖြင့်၊ သွန်းကာလုပ်က၊ ခြောက်ရောင်ထင်၍၊ မြင်မညီးအောင်၊ သွန်းပြီးရေလေး)