ရခိုင်ပြည်နယ် တံဆိပ်နှင့် အလံ
ရခိုင်ပြည်နယ် တံဆိပ်နန့် အလံ ရခိုင်လူမျိုးတိသုံးစွဲခရေ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးဧ့ ပန်းဖက်ပုံကို အခြီခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမာ ရခိုင်လူမျိုးရို့ဧ့ ပေါ်လွင်ထင်ရှားရေ အနုပညာ ဓနာဥစ္စာ ကြွယ်ဝခြင်းနန့် ယှိပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားလာခသည်ဟု ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ရခိုင်ပြည်နယ် တံဆိပ်ဧ့ အပေါ်ထိပ်မာကြယ်ဖြူတစ်ပွင့်၊ အောက်ဖက်မာ “ရခိုင်ပြည်နယ်”ဟု ရီးသာဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားသည်။
အဓိပ္ပာယ်
ကြယ်ဖြူ
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံအလံမာပါယှိရေ ပြည်နယ်နန့်တိုင်း (၁၄)ခုကို ဖော်ညွှန်း ထားသည့် ကြယ်ဖြူ(၁၄)လုံးအနက် ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားသော ကြယ်ဖြူ တစ်ပွင့်ကို သတ်မှတ်ထားခြင်းဖြစ်သည်။
သဇင်ပန်း ခွေနှစ်ခက်
ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်ဧ့ အဓိကမြင့်မြတ်ဖြူစင်သော ပန်းတစ်မျိုးဖြစ်သည်။ ယင်းပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံးတိကိုသုံးစွဲရာမာ သဇင်ပန်းကို ဥပမာပြု၍တင်စား သုံးစွဲ ခကတ်ပါသည်။ သဇင်ပန်းကို ရခိုင်ရို့က သန့်စင် ပန်းဟုခေါ်သည်။ သန့်လည်းသန့်ရှင်းသည်။ ဖြူလည်း ဖြူစင်သည်။ သန့်ရှင်းဖြူစင်သော အနားရစ်ဟိသည်။ ပွင့်ဖတ်အယ်တွင် ဝါဝင်း၍ ရွှေရောင်ဟိသော ဝတ်ဆံနှစ်ခုဟိသည် မွှီးလည်းမွှီးကြိုင်သည်။ မြင့်မြတ်သော သစ်ပင်ကြီးများအပေါ် ၌သာ ပေါက်ရောက်သည်။ ဖြူစင်သော သီလရောင် ဝါဝင်းသော ဝတ်ဆံအရောင်တိက ဗုဒ္ဓဧ့ သင်္ကန်းရောင်ကို ဆောင်နိန်သည်။ ယင်းကြောင့် အမြတ်ဆုံးပန်းဟူ၍ တင်စားသမုတ်ကတ်သည်။ ယင်းကို အစွဲပြုလို့ ဘုရားပေါင်းချုပ်ဧ့ သင်္ကေတအခေါ်အဝေါ်ကဗျာတွင် “သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရား ပေါင်း” ဟူ၍ ဖွဲ့ဆိုခကတ်ပါသည်။ သဇင်ပန်းခက်၏ တစ်ဖက်စီမာ ပါရှိသော (၈)ပွင့်နန့် ထိပ်ပေါ်မာ တစ်ပွင့်ပေါင်းလိုက်ကေလည်း ၉ ဖြစ်သည်။ ထိပ်ပေါ်မာဟိရေ အပွင့်သည် နှစ်ဖက်စလုံးနန့် ဆိုင်သည်။ ဖီးဥပါဒ်အန္တရာယ်ကင်းရှင်းစီဖို့ ကိုးနဝင်းကျီသော လက္ခဏာကိုပြထားသည်။ ဖော်ပြပါ သဇင်ပန်းခက်တစ်ခက်စီမာ အပွင့်ငယ်ဘယ်ဖက်မာ (၈)ပွင့် ညာဖက်မာ (၈)ပွင့်စီ ရိုးတံကိုမှီလို့ ရှိသည်။ အထက်က တစ်ပွင့်နန့်တစ်ပွင့်ပေါင်းလိုက်ကေ (၁၇)ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် (၁၇)မြို့နယ်ကို ဖော်ဆောင်ပါသည်။